မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အာဆီယံဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချရမယ့်အချိန်အခါကျရောက်လာပြီ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရ်ှနန်က ဒီနေ့ ဂျာကာတာမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာပြောလိုက်ပါတယ်။
ဒီနေ့အစည်းအဝေးဟာ မြန်မာ့အရေး အရေးပေါ် အစည်းအဝေးဖြစ်ပြီး လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးရမယ့် အချက်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဖေ့ဘွတ်ခ်ကနေအသိပေးထားပါတယ်။

ကချင်ပြည်နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲဖြစ်စဉ် အပေါ် အာဆီယံက အလေးထားစိုးရိမ်ကြောင်း ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။
စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မြန် ဆန်ဆန် အကောင်အထည် ဖော်ရမယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒါအပြင် မြန်မာနိုင်ငံအတွက် အာဆီယံဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ကို ချရမယ့်အချိန်ရောက်လာပြီး ဒီနေ့အစည်းအဝေးဟာ နိုဝင်ဘာလ ထိပ်သီးအစည်းအဝေးမှာအကြံပြုရမယ့်အချက်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
စင်ကာပူအခြေစိုက် The Straits Times သတင်းစာက လာမယ့်နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်ကို ဖိတ်သင့်တယ်လို့ ရေးသားဖော်ပြလာတာရှိပါတယ်။
