မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ယနေ့မွန်းလွဲပိုင်းက အရက်ဆိုင်များအား လိုင်းကြေးလာကောက်သည့် စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး နေရာတွင်ပင် သေဆုံးသွားကြောင်း မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
ယနေ့ (အောက်တိုဘာ ၂၇ ရက်) မွန်းတည့် ၁၂ နာရီဝန်းကျင်က ငါန်းဇွန်မြို့နယ်၊ မြေရိုင်းကျေးရွာတောင်ဘက်၌ နှစ်လုံးသုံးလုံးနှင့် အရက်ဆိုင်များကို လိုင်းကြေးလာကောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို ပဒေသာမိုင်း (၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိကြောင်း ကိုသက်ကြီးက ပြောသည်။
“သူတို့က ခြေလျင်လျှောက်လာတာပါ။ မိုင်းထိပြီးတော့ သူတို့ကိုလူနာတင်ကားတွေနဲ့ ပြန်တင်သွားပါပြီ။”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
အောက်တိုဘာ ၂၅ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးဦးခန့်သေဆုံးခဲ့သေးသည်။
