တာချီလိတ်မြို့မှ စစ်ကောင်စီစစ်မှုထမ်းဟောင်းတစ်ဦးသည် ခွေးနှစ်ကောင်ကိုက်သည်ကို သေနတ်ဖြင့်ပစ်ခတ်ရာမှ ဈေးသည်အမျိုးသမီးတစ်ဦးအား သေနတ်ကျည် ထိမှန်သေဆုံးသွား၍ ဖမ်းဆီးခံလိုက်ရသည်။
တာချီလိတ်မြို့မှ ဇွဲသာယာအပန်းဖြေလုပ်ငန်းပိုင် ရှင်သည်ယမန်နေ့(အောက်တိုဘာလ၂၅ရက်) ညက ၎င်း၏ နေအိမ်ခြံဝင်းအတွင်း ခွေးနှစ်ကောင်ကိုက်နေသည်ကို သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်ရာမှ အဆိုပါ အမျိုးသမီးအား ထိမှန်သွားခြင်းဟု ဒေသခံများက ပြောသည်။
“ခွေးကို ပစ်တာသေနတ်ကျည်က ထောက်ပြီး လူကို ထိသွားတယ်။ ထိတာက ဈေးသည်။ ရင်ဘတ်ကိုမှန်ပြီး သေဆုံးသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇွဲသာယာအပန်းဖြေလုပ်ငန်းပိုင်ရှင် ဦးဇွဲဆိုသူသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မဲခေါင်မြစ်ဘေးတွင် အပန်းဖြေလုပ်ငန်း လုပ်ကိုင်နေသည်မှာ ၁၀နှစ်ခန့်ရှိပြီဟု ဒေသခံများက ဆိုသည်။
၎င်းအား စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု ရှမ်းပြည်နယ်အခြေစိုက် SHAN News သတင်းဌာနက ဖော်ပြထားသည်။
