ဖားကန့်လေကြောင်းတိုက်ခံရသည့်ဖြစ်စဥ်က ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်ပွဲခေါ်သံဖြစ်ကြောင်းရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။
“နောက်ထပ်အပြစ်မဲ့ပြည်သူအသက်တွေဘယ်လောက်များများအတွက်ကျွန်ုပ်တို့ပူဆွေး၀မ်းနည်းကြဦးမလဲ။ နောက်ထပ် သူရဲကောင်းဘယ်လောက်များများ ပေးဆပ်ကြရဦးမလဲ။ မနေ့ည(အောက်တိုဘာ ၂၃ ရက်ည)ဖားကန့်မှာ ဖြစ်ခဲ့တာဟာ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းရန် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်ပွဲခေါ်သံဖြစ်ပါတယ်” ဟုဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားခဲ့သည်။
စစ်ကောင်စီ၏ဂျက်တိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော အပြစ်မဲ့ပြည်သူလူထုများ၊ အနုပညာရှင်များနှင့် KIO/KIA စစ်ဘက်၊ အရပ်ဘက်၀န်ထမ်းများအတွက် ၀မ်းနည်းကြောင်း သဝဏ်လွှာနှင့်အတူ AA စစ်ဦးစီးချုပ်က အောက်တိုဘာ ၂၄ ရက်တွင် ရေးသားဖော်ပြခြင်းဖြစ်သည်။
MNDAA ၊ TNLA နှင့် AA တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း အောက်တိုဘာ ၂၃ ရက်ညတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါ(A Nang Pa)ဒေသကိုစစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ‘စစ်ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း’ ဟု သတ်မှတ်ခဲ့သည်။
ထို့အပြင် တိုင်းရင်းသားလူမျိုးလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ မီးစတဖက်၊ ရေမှုတ်တဖက် လှည့်ကွက်များကြားတွင် သွေးအေးမနေဘဲ အထူးသတိထားရမည့်အချိန်ဖြစ်သည်နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကို ပြတ်သားစွာ တက်လှမ်းလုပ်ဆောင်ရမည့်အချိန်ကာလဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးတွဲထုတ်ပြန်ထားသည်။
