ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင်ယနေ့နံနက်အစောပိုင်းက မန်းရွှေပြည်ခရီးသည်တင်ယာဥ်တိမ်းမှောက်ပြီး အမျိုးသား၃ဦးသေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့သည်။
ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မိုင်တိုင်အမှတ် ၂၂၈ နှင့် ၂၂၉ ကြားတွင် မန်းရွှေပြည်ခရီးသည်တင်ယာဉ်(၁)စီးမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါ ခရီးသည်(၁၇)ဦးတွင်အမျိုးသား(၃)ဦးသေဆုံးခဲ့ပြီး အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၁၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိထားကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။

နေပြည်တော်-မန္တလေးလမ်းဖက်ခြမ်း၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။
“ရန်ကုန်ဘက်ကိုမောင်းလာတဲ့ကားက တစ်ခြားလမ်းတစ်ဘက် လမ်းပြောင်းပြန် အနေအထားထိ လှိမ့်ပြီးတော်တော်ဆိုးဆိုးကြီးဖြစ်သွားတာပါ။ကလေးမလေးတစ်ယောက်ဆို သားအဖနှစ်ယောက်လာတာ။ အဖေဖြစ်သူကတော့ကံဆိုးရှာတယ်ဗျာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။


ထိခိုက်ဒဏ်ရာရရှိသူများအား သုခဒါနပရဟိတအသင်း၊ မေတ္တာရေစင်တောင်ညိုပရဟိတအသင်းနှင့် အမြန်လမ်းမကြီးပိုင်သူနာတင်ယာဉ်တို့ဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်းသိရသည်။
“အမျိုးသားသုံးဦးသေဆုံးတယ်။ ၁၆ဦးဒဏ်ရာရပြီးတစ်ဦးကပြင်းထန်တယ်။ အားလုံး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့လိုက်တယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် အာဏာသိမ်းစစ်ကောင်စီကည၁၂ နာရီမှနောက်တစ်နေ့နံနက်၄နာရီအတွင်းဖြတ်သန်းခွင့်မပြုသောကြောင့် ခရီးသွားလာရာ၌ ကြန့်ကြာမှုများလည်း ဖြစ်ပေါ်နေသည်။
