KIO၏ ယခင်သဘောထားမှာ “ပြည်တွင်းစစ်အား နိုင်ငံရေးဆွေးနွေးရေးနည်းဖြင့်သာ ဖြေရှင်းနိုင်မည်”ဆိုသည့်အချက်ဖြစ်
ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီအနေဖြင့် နိုင်ငံရေးပိုင်းနှင့်ပတ်သက်ပြီး အပြောင်း အလဲလုပ်ရန် ဆောင်ရွက်နေကြောင်း KIOဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လက ယနေ့(အောက်တိုဘာ ၂၅ရက်) ကျရောက်သည့် KIO ဖွဲ့စည်းတည် ထောင်ခြင်း(၆၂)နှစ်ပြည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်ဟု အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။
KIO ဥက္ကဋ္ဌ ၏ မိန့်ခွန်း၌ KIO ပါတီဝင်များနှင့် ပြည်သူလူထုများ၊ KIOဝန်ထမ်းများအနေဖြင့် အဖွဲ့၏ တော်လှန်ရေးလမ်းစဉ်၌ ဆက်လက်ပြီး ကြိုးစားရန် အားပေးသည့်အချက်များ ပါဝင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ကချင်ဘာသာဖြင့် ပြောကြားသည့် ဗိုလ်ကြီးကြီးအင်ဘန်လ၏ မိန့်ခွန်းပါ အချက်များကို အကျဉ်းချုံးပြောပြသည်။
” နောက်တစ်ခုရှိတာက အခုအချိန်မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ပတ်သက်လို့ပေါ့နော် ဝိုင်းဝန်းကြိုးစားနေတဲ့အချိန်ကာလဖြစ်ပါတယ်။ ဆိုတော့ အားလုံးနဲ့ လက်တွဲပြီးမှ လုပ်ရမယ့်ဟာတွေကို တွန်းအားပေးတာလည်းပါပါတယ်။ နောက် နိုင်ငံရေးတွေလည်း အခြားသော အဖွဲ့အစည်းနဲ့ လက်တွဲပြီးမှ ပြောင်းလဲသင့်တာတွေကို ပြောင်းလဲဖို့ပေါ့နော် ဗဟိုကော်မတီက ဆောင်ရွက်နေတဲ့အကြောင်းတွေ ပါပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက KIO ဥက္ကဋ္ဌ၏ မိန့်ခွန်းပါအချက်ကို ပြောပြသည်။
အောက်တိုဘာ ၂၃ရက်ညပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉)နယ်မြေ အနန့်ပါဒေသ၌ ပြုလုပ်နေသည့် KIO ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်နေ့အကြို ဂီတပွဲကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အနုပညာရှင်များ၊ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ KIO အရပ်ဘက် စစ်ဘက် ဝန်ထမ်းများစွာ သေဆုံးထိခိုက် ဖြစ်ပေါ်ခဲ့ပြီး နောက် KIO ဥက္ကဋ္ဌက နိုင်ငံရေးပိုင်းအပြောင်းအလဲ လုပ်မည်ဟု အသိပေးလိုက်ခြင်းလည်းဖြစ်သည်။
နိုင်ငံရေး အပြောင်းအလဲနှင့်ပတ်သက်ပြီး ရှင်းပြပေးရန်မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက အားလုံးနှင့်ဆိုင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တို့နှင့် ဆွေးနွေးပြီး KIOနှင့် ဆိုင်သည့် ကိစ္စများ၌ အပြောင်းအလဲ ရှိနိုင်သည်ကို ပြောဆိုခြင်းဖြစ်မည်ဟု ပြောသည်။ KIO အဖွဲ့ နိုင်ငံရေးပိုင်းအပြောင်းအလဲ ပြုလုပ်မည်ဆိုသည့်အချက်အပေါ် ရှင်းလင်းစွာ မသိရသေး၍ ထပ်မံလေ့လာနေဆဲဖြစ် သည်။
KIO အနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း၌ အဖွဲ့အစည်း၏ သဘောထား များကို ကြေညာချက် ထုတ်ပြန်ထားသကဲ့သို့ အာဏာမသိမ်းမီ ၂၀၁၈ နှစ်ကုန်ပိုင်းကလည်း အဖွဲ့၏ သဘောထား ကို အသိပေးထုတ်ပြန်ထားရာ ယင်းတို့အနက်အချက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်သည်။
၂၀၁၈ ဒီဇင်ဘာ ၂၂ရက်က ထုတ်ပြန်ခဲ့သည့် KIO ဗဟိုကော်မတီ၏ ကြေညာချက်တွင် “ပြည်တွင်းစစ်အား နိုင်ငံရေးဆွေးနွေးရေးနည်းဖြင့်သာ ဖြေရှင်းနိုင်မည်”ဟု သဘောထား ချမှတ်ထားကြောင်း အသိပေးခဲ့သည်။
KIO ဗဟိုကော်မတီသည် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပျက်နေသော အခက်အခဲများကို ကျော်လွှားနိုင်ရေးနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းများအားလုံးနှင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၂ ဇန်နဝါရီ ၂၆ရက်တွင် KIO ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၁၇ရက်တွင် KIO ဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်ချက်များအားလုံးကို ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။
