▪︎ကျူးလွန်သူများမှာ စစ်ကောင်စီစစ်ကောင်စီတပ်နှင့်အနွှယ်များသာဖြစ်နိုင်ဟုဒေသခံအချို့ ပြော
မန္တလေးမြို့တွင် ယနေ့တစ်ရက်တည်း လူစည်ကားရာနေရာများရှိ မိုဘိုင်းဖုန်းဆိုင်နှစ်ဆိုင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရကြောင်း မြို့ခံများက ပြောသည်။
ယနေ့(အောက်တိုဘာ၂၅ ရက်) မွန်းလွဲပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွားကုန်းကျော်အနောက်ဘက်အဆင်း ငါးစို့တိုက်အနီးရှိ မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်အား ဓါးပြတိုက်ခံရခြင်းဖြစ်ကာ ဖုန်းအလုံးရေ ၁၀၀ကျော်၊ ကျပ်သိန်း ၇၀၀ကျော်ဖိုးပါသွားကြောင်း ဆိုင်ရှင်နှင့် နီးစပ်များက ပြောသည်။
“ကျွန်တော့်ဆိုင်က အမြင့်ဖုန်းတွေအကုန် လူ ၉ယောက်လောက်လာပြီး ဓားပြဝင်တိုက်သွားတယ်။ဆိုင်ရှိဖုန်း အကုန်ပဲပြောပါတော့။”ဟု ဆိုင်ရှင်က လူမှုကွန်ရက်တွင် အသိပေးထားသည်။
အဆိုပါ ဖုန်းဆိုင်ဝန်းကျင်မှာ လူသွားလူလာမပြတ်စည်ကားပြီး စစ်ကောင်စီတပ်သားများ မကြာခဏ ကင်းစောင့်လေ့ရှိသည့်နေရာတစ်ခုဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အလားတူ ယနေ့၌ပင် မန္တလေးမြို့တွင်း မဟာအောင်မြေမြို့နယ်၊ (၆၉)လမ်း ၊(၃၈)လမ်းနှင့် (၃၉) လမ်းကြား၊ မန္တလေးတက္ကသိုလ်အနီးရှိ မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်ကိုလည်း လူတစ်စုက ဓားပြဝင်တိုက်သွားကြောင်း မြို့ခံများက ပြောသည်။
“ဖုန်းဆိုင်မှာ သေနတ်တုပြပြီး ဓားပြတိုက်လို့ပါ။ လာတာကတစ်ယောက်တည်း သေနတ်အတုမှန်းသိပီးပတ်ဝန်းကျင်ကပါဝိုင်းဖမ်းပေးလို့ ဘာမှမပါသွားဘူး။”ဟု ဆိုင်ရှင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။
စစ်ကောင်စီတပ်သားများက အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်တွင် ခိုးဆိုးလုယက် ဓားပြတိုက်ဖြစ်စဥ်များ၊ လူသတ်အလောင်းဖျောက်မှုများ နေ့စဥ်ဖြစ်ပွားနေသည်။
ယခုဖြစ်ပွားသော ဦးပွားကုန်းကျော်အနောက်ဘက်ဖြစ်စဥ်တွင်လည်း လူစည်ကားပြီး စစ်ကောင်စီတပ်သားများလုံခြုံရေးယူလေ့ရှိသောနေရာအနီးတွင် အုပ်စုလိုက်လာရောက်ဓါပြတိုက်ခြင်းမှာစစ်ကောင်စီ တပ်သားများမပါဝင် မပတ်သပ်ဘဲမဖြစ်နိုင်ကြောင်းဒေသခံအချို့ကပြောသည်။မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ၊PDF များ အရေအတွက်နည်းနည်းဖြင့်စစ်ဆင်ရေးပြုလုပ်ရန်ပင် စစ်ကောင်စီလုံခြုံရေးများကြောင့်ခက်ခဲသောအခြေအနေတွင် အုပ်စုလိုက် မြို့ထဲဓါးပြတိုက်ခြင်းမှာ မည်သူကျူးလွန်ကြောင်း၊မည်သူနှင်ွဆက်စပ်ကြောင်းအလွယ်သိနိုင်သည်ဟုပြည်သူတစ်ဦးကလည်းပြောသည်။
“အမျိုးသားရေးသမားတွေနဲ့ စခတွေ လူမိုက်ဂိုဏ်းတွေပေါင်းပြီး လုပ်စားနေကြတာ။ ဘယ်ကထွက်လဲဆိုရင်တော့ နန်းတွင်းထဲဝင်ကြည့်ကြ။”ဟု မန္တလေးမြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
ထိုအပြင်ဖားကန့်တွင်ဗုံးကျဲ၍ အနာပညာရှင်နှင့်ပြည်သူများအပါအဝင်အများအပြားသေဆုံးစေခဲ့သောဖြစ်ရပ်ကို ပြည်သူများအာရုံစိုက်မှုနည်းလာစေရန် ယခုရက်ပိုင်း အာရုံပြောင်းစေမည့်သတင်းများ၊ဖြစ်ရပ်များကိုဖန်တီးနိုင်ကြောင်းလည်းပြည်သူတစ်ဦးကပြောသည်။
“ကော့ကရိတ် တိုက်ပွဲရယ် ၊ FAFT ကမြန်မာကို အမည်ပျက်စာရင်းသွင်းလိုက်ချိန်မှာ အဲသတင်းတွေကို ဖုံးဖို့ စစ်ကောင်စီက လိင်ဖျော်ဖြေရေးအရုပ်နှစ်ရုပ်ကို ရွှေတိဂုံဘုရားမှာရင်ငွေ့လှုံ့ခိုင်းပြီး ပြည်သူတွေကို အာရုံပြောင်းခဲ့တယ်။ပြီးမှ သူကအရးယူတယ်ဆိုတဲ့ပုံစံနဲ့ ကယ်တင်ရှင်လုပ်တာ။အခုလည်း ဖားကန့်မြို့နယ်ကအနန့်ပါဗုံးကျဲမှုကြောင့်တော်လှန်ရေးအဖွဲ့တွေ အတော်လေးခံပြင်းပြီး အရှိန်မြှင့်ကြဖို့ပြောချိန်မှာ အဲသတင်းတွေဖုံးချိန်မှာ မနေ့ညက အကြည်တော်သေပြီးဆိုပြီး စစ်ကောင်စီဝါဒဖြန့်အကောင့်တွေကစဖွတယ်။အခုလည်းမန္တလေးမှာထူးထူးဆန်းဆန်းအမှုတွေပေါ်လာတယ်။ ပြီးရင်စစ်ကောင်စီက ဘယ်နှစ်နာရီအတွင်းဖမ်းဆီးအရေးယူတယ်လုပ်ဦးမယ်။ဒါတွေက စစ်ကောင်စီလုပ်နေကြတွေပါ”ဟုပြည်သူတစ်ဦးကလည်းပြောသည်။
