စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သင်ကြားနေသည့် စာသင်ကျောင်း၌ ကြားကာလပညာသင်နှစ်အတွင်း ကျောင်းသားအားကစားပွဲတော် ပြုလုပ်ခဲ့သည်။
ယင်းအားကစားပွဲတော်ကို အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက် အထိ (၅)ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့် ပါဝင်ခဲ့သည်။

အဆိုပါ ကျောင်းသား ဘောလုံးအားကစားပွဲတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုပ်ပုံကို ဘောလုံးတွင် ကပ်၍ ကန်ခဲ့သည့် ဘောလုံးပြိုင်ပွဲ အပါအဝင် အားကစားနည်း(၁၇)မျိုးခန့်ထည့်သွင်း ကျင်းပခဲ့သည်။
” ဒီနှစ်မှာ ထူးထူးခြားခြားအနေနဲ့တော့ စစ်အာဏာရှင်ဖီဆန်ရေးကျောင်း ဖြစ်တဲ့အတွက် အကြမ်းဖက်စစ်ခေါင်းဆောင် ရဲ့ ပုံကို ဘောလုံးမှာ ကပ်ပြီး ဝိုင်းကန်ခဲ့ကြပါတယ် “ဟု ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။




ထို့အပြင် ယင်းအားကစားပွဲ ဖွင့်ပွဲနေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဖွင့်ခဲ့ပြီး ပိတ်ပွဲနေ့တွင်လည်း “ကမ္ဘာမကြေဘူး” သီချင်းသီဆိုကာ ကြွေးကြော်သံများနှင့်အတူ အားကစားပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးက ဆိုသည်။
NUG ၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ထားသည့် အဆိုပါ စာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားအရေအတွက် ၁၀၀ခန့်ရှိပြီး ဆရာ၊ဆရာမ ၂၉ဦးဖြင့် ပညာသင်ကြားနေကြောင်း သိရသည်။
