ဖားကန့်မြို့နယ်တွင်ယမန်နေ့ညက အနုပညာရှင်များအပါအဝင်ပြည်သူဆယ်နှင့်ချီသေဆုံးစေခဲ့သော ဗုံကြဲတိုက်ခိုက်မှုကို စစ်ကောင်စီ၏ တံတားဦးလေတပ် မှတိုက်လေယာဥ်သုံးစီးက ပြုလုပ်ခဲ့တာလို့ လေကြောင်းသတင်းအချက်အလက်တွေဖော်ပြပေးနေတဲ့ ရင်းမြစ်များထံမှသိရသည်။
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်KIA ၏တပ်မဟာ ၉ နယ်မြေတွင်KIOတည်ထောင်ခြင်း ၆၂ နှစ်မြောက်အထိန်းအမှတ်နေ့အကြိုပွဲပြုလုပ်၍တေးသီချင်းများဖြင့် ဖျော်ဖြေနေစဥ် ယမန်နေ့ (အောက်တိုဘာ ၂၃ )ည ၈ နာရီခွဲဝန်းကျင်တွင်စစ်ကောင်စီတပ်၏ တိုက်လေယာဥ်သုံးစီးကလာရောက်ဗုံးကျဲခဲ့ခြင်းဖြစ်သည်။အခမ်းအနားအတွင်းဗုံးကျဲတိုက်ခိုက်ခံရသဖြင့်ကချင်တိုင်းရင်းသားနာမည်ကျော် အနုပညာရှင်များအပါအဝင် ပြည်သူ ၅၀ ကျော်သေဆုံး၍ ၅၀ ခန့်သေဆုံးခဲ့ကြောင်း ဒေသခံအချို့က People’s Spring သို့ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းအချက်အလက်များကိုစုစည်းဖော်ပြပေးနေသော Enemy Air Route Channel (EAR)၏ အချက်အလက်များအရ တံတားဦးလေတပ်စခန်းမှ ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်တွင်Jet Fighter ၂ စင်း စတင်ထွက်ခွာပျံသန်းလာပြီး နောက်သုံးမိနစ်အကြာတွင် အခြားဂျက်ဖိုက်တာတစ်စီးထပ်မံထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်
အဆိုပါဂျက်ဖိုက်တာသုံးစီးသည် ည ၈ နာရီ ၅ မိနစ်တွင်ထီးချိုင့်မြို့ ကိုဖြတ်သန်း၍ မြောက်ဖက်သို့ဆက်လက်ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။ထိုနောက် နာရီဝက်ခန့်အကြာတွင် ဖားကန့်မြို့နယ်တွင်ဗုံးကျဲပြီးတံတားဦးလေတပ်စခန်းကိုပင် ပြန်သွားခြင်းဖြစ်သည်။

ထိုဂျက်ဖိုက်တာလေယာဥ်သုံးစင်းသည် ယမန်နေ့ည ၉ နာရီ ၁၂ မိနစ်တွင်တစ်စီး ၊ ၉ နာရီ ၁၇ မိနစ်တွင်တစ်စီး ၊ ၉ နာရီ ၁၉ မိနစ်တွင်တစ်စီးတံတားဦးလေတပ်စခန်းသို့ပြန်လည်ရောင်ရှိခဲ့ကြောင်းEAR ၏ အချက်အလက်များအရသိရသည်။
ဖားကန့်မြို့နယ်မှဒေသခံများကလည်းယမန်နေ့ညတွင် တိုက်လေယာဥ်သုံးစင်းဖြင့်လာရောက်ဗုံကြဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းအတည်ပြုပြောကြားသည်။

စစ်ကောင်စီတပ်က အောက်တိုဘာ ၂၃ ရက်တွင် အထူးစစ်ဆင်ရေးအဖြစ် တံတားဦးလေတပ်တွင် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီတပ်နှင့်နီးစပ်သောသတင်းရင်းမြစ်အချို့ကပြောသည်။ စစ်ကောင်စီတပ်အတွက် တံတားဦးလေတပ်စခန်းမှာ အဓိကအကျဆုံးလေတပ်အခြေစိုက်စခန်းတစ်ခုဖြစ်ပြီး ၊ ရခိုင်ပြည်နယ်တွင် AA ကိုလေကြောင်းတိုက်ခိုက်ရာတွင် အဓိကတာဝန်ယူတိုက်ခိုက်နေသောလေတပ်စခန်းဖြစ်သည်။ ယခုနောက်ပိုင်းတွင် AA ကိုသာမက အထူးစစ်ဆင်ရေးများတွင် အခြားဒေသများကိုပါ ထိုလေတပ်စခန်းမှ တိုက်လေယာဥ်များက လိုက်လံတိုက်ခိုက်လာခြင်းဖြစ်ကြောင်း စစ်တပ်တွင်းသတင်းရင်းမြစ်အချို့ကပြောသည်။
စစ်ကောင်စီတပ်က လေတပ်အထူးစစ်ဆင်ရေးဇုန်အဖြစ် တံတားဦးလေတပ်စခန်း၊မှော်ဘီလေတပ်စခန်းနှင့် တောင်ငူလေတပ်စခန်းတို့ကို ယခုလပိုင်းအတွင်းအသုံးပြုနေပြီး တံတားဦးလေတပ်စခန်းတွင် ရုရှားလေတပ်မှလေယာဥ်မောင်းအချို့နှင့်စက်ပြင်ဆရာအချို့ပင် ရောက်ရှိနေကြောင်းစစ်တပ်သတင်းရင်းမြစ်အချို့ကပြောသည်။
