ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း၌ ရက္ခိုင့်တပ်တော်(AA)နှင့် ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့(RSO) တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရခိုင်ဒေသခံတစ်ဦးက ယနေ့ အောက်တိုဘာ ၂၃ရက်တွင် ပြောသည်။
“မောင်တောမြောက်ပိုင်းအစွန်ဆုံး ဘင်္ဂလာ – မြန်မာ နယ်စပ် မိုင်တိုင်(၄၀)ကနေ (၆၄)ကြားမှာ ရှိတဲ့ RSO စခန်းတချို့ကို AAက သိမ်းလိုက်တယ်ကြားတယ်”ဟု ၎င်းက ပြောသည်။
RSO တပ်ဖွဲ့သည် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများ ပိုမို ပြုလုပ်လာသည့် အဖွဲ့ဖြစ်သည်ဟု ဆိုသည်။

သို့သော် RSOအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့မှု အခြေအနေကို AA ဘက်က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။
AAနှင့် တိုက်ပွဲဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး ရိုဟင်ဂျာအသိုင်းအဝိုင်းက တိုက်ပွဲသတင်းများ ဖော်ပြထားရာ နယ်စပ်တလျှောက် RSOခြေကုပ်စခန်း ၁၁ခုကို AAက အောက်တိုဘာ ၂၂ရက်တွင် တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့၍ နှစ်ဖက်ထိခိုက်ကျဆုံး များပြားခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း RSOအဖွဲ့သား ဆယ်ဂဏန်းခန့် ကျဆုံးခဲ့ပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နေရာ ၄ခု၌ တိုက်ခိုက်မှုများ ဆက်ရှိနေကြောင်း သတင်း၌ ဖော်ပြထားပြီး လက်နက် ၉လက် ဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။

သတင်းနှင့် အတူဖော်ပြခဲ့သည့် ရုပ်သံမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်းတို့၌ အောက်တိုဘာ ၂၂ရက် က ပြုလုပ်ခဲ့သည့် RSO တပ်မှူးတစ်ဦး၏ နာရေးအခမ်းအနားကိုလည်း မြင်တွေ့ရသည်။
