ရန်ကုန် – ပုသိမ်လမ်းပိုင်းရှိ ကိုးဆူစစ်ဆေးရေးဂိတ်အနီးတွင် ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကား ယာဉ်တိုက်မှုဖြစ်ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ယင်းနေရာသို့သွားရောက်ကူညီခဲ့သည့် ဘက်စုံလူမှုကူညီရေးအဖွဲ့-ပုသိမ်မှ တာဝန်ရှိသူက ပြောသည်။
“အိမ်စီးကားလေးက လမ်းဘေးမှာ ထိုင်နေသူကိုရှောင်ရင်း ခရီးသယ်တင်ယာဥ်နဲ့မျက်နှ ာချင်းဆိုင်တိုက်မိတယ်လို့ သိရပါတယ်”ဟု ယာဉ်တိုက်မှု အခြေအနေနှင့်ပတ်သတ်၍ ၎င်းကပြောသည်။
အောက်တိုဘာ ၂၃ ရက် ညနေ ၆နာရီခွဲအချိန်ခန့်တွင် ယာဉ်တိုက်မှုသတင်းရသောကြောင့် လူနာတင်ယာဉ်နှစ်စီးနှင့်သွားရောက်ကူညီခဲ့ကြောင်း ၎င်းကဆိုသည်။

“အိမ်စီးကားမှာ ပါလာသူ သုံးဦးအနက် တစ်ဦးသေဆုံးပြီး နှစ်ဦး မစိုးရိမ်ရဒဏ်ရရပါတယ်ဗျ။သေဆုံးသူက ဒရိုက်ဘာရဲ့ဘေးမှာ ထိုင်သူဟုသိရပါတယ်။ခရီးသယ်တင်ယာဥ်ဘက်မှ လူထိခိုက်မူ မရှိပါခင်ဗျ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ယာဉ်တိုက်မှုဖြစ်သည့် ခရီးသည်တင်ယာဉ်သည် ရွှေစင်စင်္ကြာယာဉ်လိုင်းမှဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။
သေဆုံးသူကိုနေအိမ်သို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူနှစ်ဦးကို ပုသိမ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
