အကြမ်းဖက်စစ်ကောင်စီ၏ ခလရ-၁ မှ တပ်သားတစ်ဦး CDM ပြုလုပ်လာကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂)က ယနေ့(အောက်တိုဘာ ၂၃ရက်) ထုတ်ပြန်သည်။
CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားမှာ မိုးဗြဲအခြေစိုက် ခမရ(၄၂၂) မိုးဗြဲဆည် ရေထိန်းတံခါးတွင် ကင်းတာဝန်ကျနေစဥ် ထွက်ပြေးလာခဲ့ခြင်းဟု ဆိုသည်။
လက်ရှိတွင် CDM စစ်ကောင်စီတပ်သားကို ဖယ်ခုံမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) က ကူညီစောင့်ရှောက်ထားကြောင်း အသိပေးထားသည်။
“မနေ့က ညပိုင်းထွက်ပြေးလာတာ။လက်နက်တော့ ပါမလာဘူး။အခြေအနေအရကိုယ်လွတ် ရုန်းပြေးလာရတာလို့သိရတယ်။ဒါပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဘက်က စစ်ဆေးမေးမြန်းတာတွေလုပ်စရာရှိတာ လုပ်နေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
အောက်တိုဘာ ၁၇ရက်ကလည်း တပ်မ(၆၆)လက်အောက်ခံ ခလရ(၁၄)မှ စစ်ကောင်စီတပ်သားနှစ်ဦး ဖယ်ခုံမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၂)ထံ CDM ပြုလုပ်ထားသည်။
ထို့အပြင် စစ်ကောင်စီလက်အောက်၌ တာဝန်မထမ်းဆောင်ဘဲ လက်နက်နှင့်အတူ CDM ပြုလုပ်လာပါက ကျပ်သိန်း ၅၀ပေးအပ်သွားမည်ဖြစ်ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်ထားသည်။
