စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် လက်နက်ကိုင်ရမ်းကားသူ လူတစ်စုက သတ်ဖြတ်ခဲ့၍ ကျဆုံးခဲ့သည့် ရဲဘော်တစ်ဦး၏ စျာပနအား ယနေ့ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြသည်။
အောက်တိုဘာ ၁၇ရက် ညပိုင်းက တော်လှန်ရေးအယောင်ပြ လက်နက်ကိုင်သောင်းကျန်းနေသူလူတစ်စု၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် အသက် (၂၃)နှစ်အရွယ် ရဲဘော်အောင်ခိုင်သူ၏ စျာပနအခမ်းအနားအား ယနေ့ ပြုလုပ်ခဲ့သည်။
ကျဆုံးရဲဘော်သည် မုံရွာမြို့ဇာတိ ပညာတက်လူငယ်တစ်ဦးဖြစ်ပြီး ပရဟိတအလုပ်များဖြင့် ရပ်ကျိုးရွာအကျိုးအား သွန်ခွန်စိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။




တော်လှန်ရေးကာလ ၎င်းဖခင်၏မွေးရပ်မြေ မြောင်မြို့နယ်သို့လာရောက်ကာ အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းများ အဆက်မပျက်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ သို့သော် မသမာသူ လူတစ်စု၏ အယုံသွင်းကာ ငွေယူ လူသတ်အလောင်းဖျောက်ဖြတ်ခြင်းခံလိုက်ရသူဖြစ်ကြောင်း CDSOMက အသိပေးသည်။

၎င်းရဲဘော်အား တော်လှန်ရေးအရေခြုံလက်နက်ကိုင်လူတစ်စုက လက်နက်ဝယ်ယူပေးမည်ဟုအကြောင်းပြကာ ငွေကိုလိမ်လည်ယူပြီး လူသတ်သွားခြင်းဖြစ်ကြောင်း၊ ၎င်းအဖွဲ့ကိုလည်း ဖမ်းဆီးထားနိုင်ပြီဖြစ်ကြောင်း CDSOM အဖွဲ့က အသိပေးထားသည်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDSOMနှင့် တော်လှန်ရေးအင်အားစုများက သူရဲကောင်းနှင့် ထိုက်တန်သောအလေးပြု အခမ်းအနားဖြင့်ဂုဏ်ပြုခဲ့ကြသည်ဟု အသိပေးသည်။
