မန္တလေးမြို့ပေါ်မှာ မနေ့ကညပိုင်းက စစ်ကောင်စီတပ် တားဆီးစစ်ဆေးချိန် မရပ်ပေးလို့ဆို့ကာ အိမ်စီးကားတစ်စီးကို ဝိုင်းပစ်ခတ်တာကြောင့် ယာဉ်မောင်းအမျိုးသား ၁ ဦးသေဆုံးခဲ့ရပါတယ်။
မနေ့က ညပိုင်း ၁၀ နာရီခန့်က ချမ်းအေးသာစံမြို့နယ်. ၇၃ လမ်း ၊ ၃၅ လမ်းထောင့် မှာ မီးပွိုင့်ကို မီးဖြတ်ပြီး ကားတွေကို စစ်ကောင်စီတပ်က တားဆီးစစ်ဆေးခဲ့တယ်လို့ဒေသခံအချို့က ပြောပြပါတယ်။
ဒီလို စစ်ဆေးချိန်မှာ ဖြတ်သန်းမောင်းသွားတဲ့ကားကို စစ်ကောင်စီတပ်သားတွေ ဝိုင်းပစ်တာကြောင့် ယာဉ်မောင်း သေဆုံးခဲ့ရတာပါ။
ပစ်ခတ်ခံရတဲ့ ကားဟာ လမ်းဘေးယာဉ်ထိန်းရုံးကို ဝင်တိုက်ပြီး ရပ်တန့်သွားတယ်လို့ မျက်မြင်တွေ့လိုက်ရသူ ၁ ဦးက ပြောပါတယ်။
“မီးပွိုင့်မှာ အမှောင်ချပြီး စစ်နေတာ ရုတ်တရက်ဆိုတော့ ကားသမားက မမြင်ဘူး” လို့အခင်းဖြစ်စဉ်ကိုတွေ့လိုက်ရသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကားတွေကို တားဆီးစစ်ဆေးချိန် လမ်းသွားလမ်းလာတွေကို လာရာလမ်းအတိုင်းပြန်လှည့်ကြဖို့ ဆဲဆိုကြိမ်းမောင်းခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီလော်လီတွေကတော့ စစ်တပ်က စစ်ဆေးချိန် Crown အမျိုးအစား အိမ်စီးကားဟာ မရပ်တန့်ဘဲ မောင်းပြေးတာကြောင့် ခြောက်လှန့်ပစ်ခတ်ရာမှာ လမ်းဘေးယာဉ်ထိန်း နားနေဆောင်ကို ဝင်တိုက်ပြီး ယာဉ်မောင်းသေသွားတာလို့ သတင်းဖြန့်ကြပါတယ်။
