မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ထဲမှာ ဆိုင်ကယ်မတော်တမှု ဖြစ်ပြီး သေဆုံးခဲ့ရတယ်လို့ယူဆရတဲ့ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးအလောင်းကို ဒီနေ့မနက်ပိုင်းမှာ ဒေသခံတွေ တွေ့လိုက်ရပါတယ်။
ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊၃၃ လမ်းနဲ့ ၃၄ လမ်းကြားမှာ လဲကျနေတဲ့ ဆိုင်ကယ်နဲ့အတူ အမျိုးသမီး အလောင်းကို တွေ့ရတာပါ။
ဆိုင်ကယ်ရှေ့ပိုင်းပျက်စီးနေသလို ဆိုင်ကယ်လဲကျနေတဲ့ အနီးက သစ်ပင်လည်း တိုက်ခံထားတာကို လူမှုကွန်ရက်မှာ ပျံနှံလာတဲ့ဓာတ်ပုံအရ သိရပါတယ်။
စစ်ကောင်စီလော်ဘီလူမှုကွန်ရက် တွေမှာတော့ သေဆုံးနေသူအမျိုးသမီးဟာချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက စာရေးဖြစ်တယ်လို့ ဖော်ပြကြပါတယ်။
ဒါအပြင် ဆိုင်ကယ်ဟာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်ပြီး မျက်နှာဖူးရောင် ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးတာဖြစ်တယ်လို့ စစ်အုပ်စုဘက်ကသတင်းလွှင့်ထားပါတယ်။
အလောင်းကိုတော့ မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
