▪︎စီမံကိန်းဒုတိယပိုင်းရောင်းချမှု သုံးနာရီအတွင်းဒေါ်လာ ၉ သန်းဖိုးခန့်ရောင်းထားရဟုကြေညာ
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နွေဦးစီမံကိန်း၏ ပေ ၄၀၊ပေ၆၀ မြေကွက်များကို ယနေ့စတင်ရောင်းချရာ မိနစ်၉၀အတွင်း မြေကွက် ၁၂၀ လုံးရောင်းကုန်သွားကြောင်း NUGရှယ်ယာနှင့်မြေကွက်များရောင်းချရေးအဖွဲ့ (EOD)က ယနေ့ထုတ်ပြန်သည်။
“မြေကွက်တွေကို စိတ်ဝင်စားကြလို့ဝယ်ဖို့ အကြိုအော်ဒါတင်ထားတာများတယ်”ဟု ရှယ်ယာနှင့်မြေကွက်ရောင်းချရေးကိုယ်စားလှယ်တစ်ဦးကပြောသည်။
“တော်လှန်ရေးဟာ ရှေ့သို့ချီလာတာနဲ့ တပြိုင်တည်း ထောက်ပို့ရဲဘော်များကလည်း နောက်ကျန် မနေခဲ့ပါဘူး။အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရေးကို ဖြည့်ဆည်းဖို့ ဖော်ဆောင်ခဲ့တဲ့ Spring Yangon Investment Phase II ရဲ့ စီမံကိန်းများအနက် ဗဟန်းမြို့နယ်က တော်ဝင်နွေဦး ၄၀ ပေ x ၆၀ ပေ မြေကွက်များဟာ အရောင်းစတင်ပြီး မိနစ် ၉၀ အတွင်း ရောင်းကုန် သွားပါပြီ။”ဟု EODအဖွဲ့က ကြေညာသည်။

အဆိုပါမြေကွက်များသည် တော်လှန်ရေး ကာလအတွင်း မြေကွက်တကွက်ကို ဒေါ်လာ ၂၈,၈၀၀ ပေးရခြင်းဖြစ်၍ မြေကွက် ၁၂၀အတွက် ဒေါ်လာ ၃သန်းခွဲခန့်ရရှိမည်ဖြစ်သည်ဟုရှယ်ယာနှင့်မြေကွက်ရောင်းချပေးသည့်ကိုယ်စားလှယ်များကပြောသည်။
တော်ဝင်နွေဦးစီမံကိန်းမှပေ ၄၀× ၆၀ မြေကွက်များရောင်းကုန်သွား၍၊ ၆၀ ပေ x ၈၀ ပေမြေကွက်များကိုဆက်ရောင်းနေကြောင်းလည်းသိရသည်။
ထိုအပြင်တော်လှန်ရေး ရန်ပုံငွေစီမံကိန်းများမှာ စံချိန်သစ် အဖြစ် ပထမ ၃ နာရီအတွင်းမှာ ဒေါ်လာ ၈.၇၅ သန်းဖိုး ရောင်းချထားပြီး ဖြစ်ကြောင်းအဖွဲ့ကထပ်မံအသိပေးသည်။
“EOD ရဲ့ Spring Investment စီမံကိန်းများဟာ သူဌေးတွေပဲ ပါဝင်နိုင်တဲ့ စီမံကိန်းများ အဖြစ် ထင်မှတ်မှားတတ်ကြပါတယ်။ တကယ်တော့ အလွှာစုံက ပြည်သူတွေ ပါဝင်နိုင်၊ ထောက်ပို့ရင်း ရင်းနှီးမြုပ်နှံနိုင်တဲ့ စီမံကိန်းများပါ။
တောင်ဒဂုံ မြို့နယ်က “နွေဦးအောင်လံ” စီမံကိန်းရဲ့ ၄၀ ပေ x ၆၀ ပေ မြေကွက်များကို ကြည့်ပါ။ တော်လှန်ရေး ကာလအတွင်း USD 6,000 ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၃ ဦးထိ နာမည်ပေါက် အစုစပ် ဝယ်နိုင်ပြီး ၃ လ အတွင်း ၃ ခါ အရစ်ကျ စနစ်နဲ့ ပေးချေ နိုင်ပါတယ်။ ဒါကြောင့်တော်တော်များများ လက်လှမ်းမီပြီး မြေကွက် ၈၀၀ အနက်တစ်ဝက်နီးပါး ရောင်းချထားပြီး ဖြစ်ပါတယ်။”ဟု မြေကွက်ရောင်းချရေးအဖွဲ့ကထပ်မံထုတ်ပြန်သည်။
အဖွဲ့ထုတ်ပြန်ချက်အရ တောင်ဒဂုံရှိနွေဦးအောင်လံစီမံကိန်းမှာ ပေ ၄၀× ၆၀ မြေကွက်ပေါင်း ၈၀၀ ရောင်းချခြင်းဖြစ်ပြီးပထမ ၃ နာရီအတွင်းထက်ဝက်ခန့်ရောင်းရခြင်းဖြစ်သည်ဟုဆိုသည်။
နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်နှင့် တောင်ဒဂုံရှိ စစ်တပ်သိမ်းထားသောမြေများကို မြေကွက်ပေါင်း ၁၂၀၀ခန့်အကွက်ဖော်၍ Spring Yangon စီမံကိန်းအပိုင်း၂ အဖြစ် ယနေ့စတင်ရောင်းချနေခြင်းဖြစ်သည်။
