ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့်လာရောက်ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
မိုးမောက်မြို့နှင့် နှစ်မိုင်ခန့်ဝေးသော လုံဂျာတောင်ပတ်ဝန်းကျင်တွင် ယနေ့(အောက်တိုဘာ ၂၁ ရက်) နံနက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြေပြင် တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာကြောင်း သတင်းများထွက်ပေါ်ပြီးနောက် ညနေ ၃နာရီခန့်မှစတင်၍ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်နေသည်ဟု မြို့ခံများက ပြောသည်။

“လုံဂျာတောင်ပတ်ဝန်းကျင်မှာ ရှမ်းရွာတွေရှိတယ်။ စစ်ကောင်စီက တိုက်လေယာဉ်လေးစင်းနဲ့ လာပစ်လို့ ရွာသားတွေ ထွက်ပြေးနေရတယ်”ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။
လုံဂျာတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဟု ဒေသတွင်း သတင်းရင်းမြစ်အချို့က ပြောသည်။
သို့သော် ယနေ့ညနေပိုင်းတွင် တိုက်ပွဲငြိမ်သက်နေသည်ဟု ဆိုသည်။
