(၇၄)ကြိမ်မြောက် ကရင်နီအခြေခံစစ်သင်တန်း ပိတ်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)က ယနေ့(အောက်တိုဘာ၂၂ ရက်)တွင် ထုတ်ပြန် သည်။
ကရင်နီ(ကယားပြည်နယ်)အတွင်း စစ်ရေးပြင်း ထန်နေသော်လည်း စစ်ရေးသင်တန်းများပြုလုပ်ပေးနိုင်ခြင်းသည် ကရင်နီတပ်မတော် အပါအဝင်ဒေသတွင်းစစ်ရေးအရ အားတက်ဖွယ်ဖြစ်ကြောင်း ကရင်နီဒေသခံစစ်ရေး သတင်းရင်းမြစ်က ဆိုသည်။
“အာဏာသိမ်းစစ်တပ်ကို နှစ်ရှည်လများတော်လှန်လာတဲ့ပြီး ပြည်သူနဲ့အတူ ရပ်တည်ချက်ခိုင်မာတဲ့ တပ်မတော်တစ်ခုရှိနေတာက ကရင်နီဒေသအတွက် အင်အားတစ်ခုပါ။နောက်ပြီး အခုထက်ထိစစ်ရေးနဲ့ပတ်သက်လို့ KAရဲ့ အကူအညီက အများကြီးလိုအပ်နေဆဲပဲ”ဟု ၎င်းက ပြောသည်။




အကြမ်းဖက်စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီတွင်ဒေသအလိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစွာဖွဲ့စည်းပြီး ခုခံတိုက်ခိုက်ခဲ့ရာတွင် ကရင်နီတပ်မတော်(KA)သည် ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
ထို့အပြင် စစ်အာဏာရှင်ပြုတ်ကျရေးတွင် မသက်ဆိုင်သလိုနေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများမှာ စစ်အာဏာရှင်၏ ကျွန်များဟု ကရင်နီတပ်မတော် ဒုစစ်ဦးစီးချုပ်က ယခုနှစ်သြဂုတ်က ပြောကြားထားဖူးသည်။
ထိုပုဂ္ဂိုလ်များကို အထူးသတိပြုရန်လည်း ၎င်းက ဆိုသည်။


အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ် ကောင်စီကို ခုခံစစ်ဆင်နွှဲနေသည့် နိုင်ငံတစ်ဝန်းရှိဒေသများအနက် ကရင်နီ(ကယား)ပြည်နယ်မှာ နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
လက်ရှိချိန်အထိ ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အပါအဝင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ် ပေါင်းစုများက နယ်မြေစိုးမိုးမှုများစွာ လုပ်ဆောင်နိုင်နေသည်။
