စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရွှေလှံကျေးရွာ၌ သတ်ဖြတ်မီးရှို့ခံရသူများတွင် မုံရွာနှင့် ပခုက္ကူအခြေစိုက် PDFရဲဘော် ၉ဦးနှင့် ပြည်သူတစ်ဦး ပါဝင်ကြောင်း Aung San Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (အောက်တိုဘာ၂၁ ရက်) နံနက် ၄ နာရီခွဲ ၅ နာရီဝန်းကျင်ခန့်တွင် ယင်းမာပင်မြို့နယ် ရွှေလှံရွာရှိ မုံရွာခရိုင်တပ်ရင်း – ၁၃ (အောင်ဆန်းမျိုးဆက်) ယာယီခေတ္တတည်းခိုရာနေရာကို စစ်ကောင်စီဘက်က စစ်ယူနီဖောင်း ဝတ်ဆင်မထားဘဲ PDF အယောင်ဆောင်၍ ခန့်မှန်းအင်အား ၁၀၀ခန့်ဖြင့် အလစ်စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စီးနင်းခံရချိန်တွင် အခြားတိုက်ပွဲမှပြန်လာ၍ ခေတ္တနားနေသော ရဲဘော်များရှိခဲ့ရာ အောင်ဆန်းမျိုးဆက်မှ ရဲဘော် ရှစ်ဦးနှင့် ခေတ္တတည်းခိုနေသော ပခုက္ကူခရိုင်တပ်ရင်း(၂)မှ ရဲဘော် တစ်ဦးစုစုပေါင်း(၉)ဦး ကျဆုံးပြီး၊ နှစ်ဦး ဒဏ်ရာရရှိကာ နှစ် ဦးပျောက်ဆုံးလျက်ရှိကြောင်း၊ ပျောက်ဆုံး နှစ်ဦး၏ သတင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း Aung San Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ကျွန်တော်တို့က ရင်ပေါင်တိုင် တိုက်ပွဲကနေ ည၁ နာရီလောက်မှာ ပြန်လာပြီး ရွှေလှံကျေးရွာကို ဝင်အိပ်ကြတာဗျ။ ကျေးရွာက လုံခြုံရေးတာဝန်ရှိသူတွေကို ကင်းတွေရှိသလား မေးတော့ရှိတယ်စိတ်ချရတယ်ပြောတယ်။ ဖြစ်သွားတာကလည်း ကင်းအချိန်းအပြောင်းလုပ်တဲ့အချိန်မှာ ဖြစ်သွားတာဖြစ်တယ်။ ရဲဘော်တွေကတော့ ကျွန်တော်တို့မုံရွာခရိုင်တပ်ရင်း (၁၃)က ရဲဘော်တွေဖြစ်ပါတယ်။”ဟု Aung San Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
နေရာမှာတင်သတ်ဖြတ်မီးရှို့ခံရသည့် ရဲဘော်များမှာ ရဲဘော်အောင်ဇေ၊ ရဲဘော်ထွေးကို၊ ရဲဘော်စတီး၊ ရဲဘော်အာကာ၊ ရဲဘော်ချစ်ကွင်း၊ ရဲဘော်မှေးကြီး၊ ရဲဘော်ဖိုးသား၊ ရဲဘော်ခေါင်းကြီး၊ ရဲဘော်ရန်ကြီးအောင်တို့ဖြစ်သည်ဟု သိရသည်။
ရွှေလှံရွာအတွင်းရှိ အိမ်ထောင်စု (၈)စုကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ခေတ္တတည်းခိုရာနေရာကို မီးရှို့ဖျက်ဆီးရာတွင် ကျဆုံးရဲဘော်များနှင့် ရွာသား တစ်ဦး စုစုပေါင်း (၁၀)ဦးကိုပါ မီးရှို့သွားခဲ့ကြောင်း၊ ငွေသားနှင့်ပစ္စည်း ပျက်စီးဆုံးရှုံးမှုမှာ ခန့်မှန်းတန်ဖိုးအားဖြင့် သိန်းပေါင်း (၆၀၀) ဝန်းကျင်ခန့်ရှိကြောင်း Aung San Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
