ဒေါင်းမင်းတပ်ရင်းမှူး ဗိုလ်စက္ကကို ခေါင်းဖြတ် သတ်သွားပြီး ရဲဘော်ကို ငယ်ပါဖြတ်သွားဟု ဒေသခံ PDFပြော
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်များဖြင့် ပစ်ခတ်ပြီး ပို့ဆောင်ရေးရဟတ် ယာဉ်များဖြင့် စစ်အင်အားချကာ ဝင်ရောက်စီးနင်းခဲ့ရာ နှစ်ရက်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များမှ ရဲဘော် ၁၂ဦးခန့် ကျဆုံးခဲ့ကြောင်း ယင်းဒေသရှိ PDFတပ်ဖွဲ့ တာဝန်ရှိသူအချို့က ပြောသည်။
အောက်တိုဘာ ၁၉ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ရင်ပေါင်တိုင်ရွာအနီးသို့ စစ်အင်အား ၂၀၀ခန့်ချထားပြီး ထိုးစစ်ဆင်ခဲ့ရာ အောက်တိုဘာ ၂၀ရက်၌ ရင်ပေါင် တိုင်တံတား အနီးတွင် စစ်ကောင်စီတပ်ကို ဒေသခံ PDF ဒေါင်းမင်းတပ်ရင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ မဟာမိတ်ထဲက ဒေါင်းမင်းတပ်ရင်းက တပ်ရင်းမှူးနဲ့ ရဲဘော်ရယ်ကျသွားတယ်။ ဗိုလ်စက္ကနဲ့ ရဲဘော် ၇၆၀ ကျသွားတယ်။ မနေ့က မနက်ခင်းက ရင်ပေါင်တိုင် တံတားအဆင်းမှာ စစ်ခွေး ၁၀ကောင်ထွက်လာတဲ့အလာကို မိုင်းကွင်းထဲ ဝင်တဲ့အခါ မိုင်းဆွဲလိုက်တော့ ၁၀ကောင်မှာ ၉ကောင်လဲသွားတာပေါ့။ လဲသွားပြီးတဲ့နောက် အေးဆေးပြီ ငြိမ်ပြီဆိုပြီး မိုင်းကွင်းထဲဝင်စစ်ဆေးပြီး လက်နက်ကောက်မယ်ဆိုပြီးသွားတာ။ သွားတဲ့အခါ ဟိုက ကင်းပုန်းနဲ့ ထိပ်တိုက်တွေ့တော့ တပ်ရင်းမှူး အပါအဝင် ရဲဘော် ၁၀ယောက် ထိပ်တိုက် တိုက်ပွဲဖြစ်တာပေါ့”ဟု ယင်းမာပင်ဒေသခံ PDF တပ်ဖွဲ့တစ်ခုမှ ခေါင်းဆောင်တစ်ဦးက ပြောသည်။
အပြန်အလှန် ပစ်ခတ်ရင်း ကျည်ကုန်သွား၍ တပ်ရင်းမှူး နှင့် ရဲဘော်တစ်ဦးက ကျန်ရစ်ပြီး ခံပစ်ရင်း တိုက်ပွဲကျသွားခြင်းဖြစ်သည်ဟုဆိုသည်။

“ ကျသွားတဲ့အခါ စစ်ကောင်စီတွေအနေနဲ့ လူမဆန်စွာ လုပ်သွားတယ်။ တိုက်ပွဲမှာ အပြန်အလှန် ပစ်ခတ်တယ် ကျတယ် ကိစ္စမရှိဘူး ဒါပေမဲ့ သူတို့က ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ ငယ်ပါကို ဖြတ်ပစ်တာ ခေါင်းကို ဖြတ်ပစ်တာ အထိလုပ်တယ်။ ဗိုလ်စက္ကဆိုရင် ခေါင်းတခြား ကိုယ်တစ်ခြားဖြစ်အောင် သူတို့လုပ်ပစ်တယ်။ ရဲဘော် ၇၆၀ ဆိုရင် သူ့ရဲ့ ငယ်ပါကို ဖြတ်ပစ်တယ်။ နောက် ဗိုလ်စက္ကရဲ့ ခန္ဓာကိုယ်မှာ သေနတ်ကျည် ၁၆ချက်၊ လည်ပင်းမှာ တစ်ချက် အဲဒီလို ပစ်ခတ်ထားတယ်တဲ့”ဟု ဒေသခံ PDF တပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။
ယနေ့ (အောက်တိုဘာ ၂၁ရက်)နံနက်တွင်လည်း စစ်ကောင်စီတပ်က ရွှေလှံရွာကို ထိုးစစ်ဆင်ဝင်ရောက်ခဲ့ရာ ဒေသခံ PDF တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့သည်ဟုဆိုသည်။
” ရွှေလှံကို မနက် မိုးမလင်းခင် သူတို့ ရောက်လာကြတယ်။ ရောက်လာကြတော့ ကျေးရွာထဲ ပစ်ခတ်ပြီး ဝင်လာတယ်။ ဝင်လာတဲ့အခါမှာ ရွှေလှံထဲမှာ ရှိတဲ့ PDF အဖွဲ့တွေနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်ပြီး PDF တော်တော်များများလည်း ကျဆုံးသွားတယ်လို့ သတင်းရတယ်” ဟု ဒေသခံ PDF တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။
ရင်ပေါင်တိုင် အခြေစိုက် ပြောက်ကျားတပ် ဟိန္နက အဖွဲ့မှ အဖွဲ့ခေါင်းဆောင်ကလည်း ရွှေလှံရွာ စီးနင်းခံရမှု ဖြစ်စဉ်တွင် PDF ရဲဘော် ၁၀ဦး ကျဆုံးပြီး ၆ဦးဖမ်းဆီးခံရသည်ဟု သိရကြောင်း ပြောသည်။ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းစဉ် PDF ကင်းတပ်ဖွဲ့များ ပင်ပန်းပြီး အိပ်ပြောသွား၍ အငိုက်မိသွားခြင်းဖြစ်သည်ဟု ဆိုသည်။
“အိပ်ပျော်သွားတဲ့အချိန်မှာ ဒီကောင်တွေက ကင်းသမားတွေ ဖမ်းခေါ်သွားပြီး စခန်းပြခိုင်းပြီး အကုန်ပစ်သတ်သွားတာ။ ကျွန်တော်တို့ ရဲဘော်တွေ ကျဆုံးမှုရှိတယ်။ လက်နက်တွေပါသွားတယ်။ အခု နေ့လည် တစ်နေ့လည်လုံးအဲဒီရွာကို မီးရှို့နေတယ်။ အခု ညပိုင်းကျတော့ ရဟတ်ယာဉ် ၃စီး ပျံဝဲသွားတယ်”ဟု ဟိန္ဒက အဖွဲ့ မှ အဖွဲ့ခေါင်းဆောင်က ပြောသည်။
ရွှေလှံရွာ ဖြစ်စဉ်တွင် PDF ၁၀ဦးခန့် ကျဆုံးခဲ့ပြီး ၆ဦးဖမ်းခံရကြောင်း သတင်းရသည်ဟု ၎င်းက ဆိုသည်။
ရင်ပေါင်တိုင်ရွာ စီးနင်းခံရမှုဖြစ်စဉ်တွင်လည်း ၎င်းတို့ အခြေပြုရာ အဆောက်အဦကို စစ်ကောင်စီတပ်က မီးရှို့သွား၍ ဆုံးရှုံးမှုများ ရှိခဲ့သည်ဟု ဟိန္နက အဖွဲ့ကပြောကြားပြီး အခက်အခဲများ ကြုံနေရ၍ အကူအညီများပေးကြရန် တိုက်တွန်းထားသည်။
တိုက်ခိုက်ရေးရဟတ်ယာဉ် ၁စီး၊ ထောက်ပို့ ရဟတ်ယာဉ် ၂စီးဖြင့် ၂ခေါက် လာရောက်ခဲ့ကြောင်း ဒေသခံ PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တချို့ကလည်း တပ်ချိန်းတယ်လို့ ပြောတယ်။ အဲဒီအခါမှာ MI 35က အပေါ်မှာ ဝဲထားပေးပြီး MI 17က လူချပေးသလား ၊ အဲဒီက ရှိတဲ့ စကစတွေကို တင်ပြီး မောင်းသွားသလားဆိုတာကိုဖြင့် တိတိကျကျ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
ယနေ့တွင်လည်း ယင်းမာပင်မြို့ရှိ စစ်ကောင်စီတပ်သား ၅၀ ခန့်က ရွာသာကျေးရွာ ဘက်သို့ ထွက်လာ၍ ရွာသာရွာနှင့်အနီးတဝိုက်မှ ကျေးရွာများ မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ဒေသခံ PDF တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဩဂုတ်လကလည်း ရင်ပေါင်တိုင်ရွာကို ယခုကဲ့သို့ လေကြောင်းမှ တိုက်ခိုက်စီးနင်းခဲ့ရာ ထိုစဉ်ကလည်း အရပ်သားသေဆုံးမှုအများအပြားရှိခဲ့သည်။ ယခု စီးနင်းမှုဖြစ်စဉ်တွင်လည်း ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၂ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖမ်းဆီးခံထားရသူများ ရှိကြောင်း ဒေသခံ အချို့က ပြောကြားထားသည်။
