ကော့ကရိတ်မြို့နယ် မြောက်ကြာအင်းကျေးရွာတွင် ယနေ့ ညနေပိုင်း၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရှိမှုများပြားခဲ့သည်ဟု ဒေသခံများဆီကနေ သိရသည်။
ကော့ကရိတ်မြို့တွင် ယနေ့မနက်ပိုင်းက KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သလို ကော့ကရိတ်မြို့နယ်၏ မြောက်ကြာအင်းနှင့် တောင်ကြာအင်းကျေးရွာဘက်ခြမ်းတွင်လည်း ယနေ့မွန်းလွဲပိုင်းတွင်လည်း လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီလေယာဉ်လည်း လာရောက်ပျံဝဲမှုများ ရှိနေသည်ဟု ဒေသခံများကပြောသည်။



စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ကြာအင်းကျေးရွာဘုန်းကြီးကျောင်းအပေါ် လက်နက်ကြီးကျည်လေးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုကတော့ လတ်တလောတွင် မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရွာမှာလူတွေအများကြီးထိတယ်၊ ထိသူတွေအများကြီး၊ အတိအကျမသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။




မြောက်ကြာအင်းကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ကျုံဒိုးမြို့နယ်အတွင်းတွင် တည်ရှိပြီး လက်ရှိတွင် စစ်ကောင်စီလေယာဉ်များ ထပ်မံရောက်ရှိလာခဲ့သည့်အတွက် ယခုညပိုင်းတွင် တိုက်ပွဲများပြင်းထန်နိုင်သည်ဟု ဒေသခံတစ်ဦးက သုံးသပ်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလအစောပိုင်းက ဘုရားသုံးဆူဒေသအနီးမှာရှိ မက္ကသာကျေးရွာထဲတွင် စစ်ကောင်စီတပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မက္ကသာဘုန်းကြီးကျောင်းဆောင် မီးလောင်ပျက်စီးခဲ့ရပြီး သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
