စစ်ကောင်စီတပ်က လူငယ်များအားဖမ်းဆီးပြီး တစ်ဦးကို စစ်ကြောရေးတွင် သတ်ဖြတ်
မကွေးတိုင်း၊ နတ်မောက်မြို့တွင် စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးအိမ်များအား ချိန်ကိုက်မိုင်းဆင်ကာ တိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အောက်တိုဘာ ၁၉ရက် ည၉နာရီခွဲခန့်က နတ်မောက် မြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်၏ နေအိမ်နှင့် မြို့မကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်းနှင့် ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ဦးဝင်းအောင်၏ နေအိမ်များအား ချိန်ကိုက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုသို့ဖောက်ခွဲတိုက်ခိုက်မှုတွင် မြို့နယ်ပညာရေးမှူးအိမ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ္စည်းများပျက်စီး၍ လူထိခိုက်မှုမရှိကြောင်း၊ စစ်မှူထမ်းဟောင်း အုပ်ချုပ်ရေးမှူးနေအိမ်၌ စစ်ကောင်စီတပ်များက မိုင်းလာရောက်ရှင်းလင်းသွား၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းမရှိကြောင်း အဆိုပါပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“မြို့နယ်ပညာရေးမှုးက ွေးတွေနဲ့ အတူတူ ပူးပေါင်းနေပြီး ဌာနဆိုင်ရာ CDM ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးခိုင်းတာတွေ ရှိတယ်။ ကျောင်းမတတ်တဲ့ကျောင်းသားတွေကိုလည်း ကျောင်းတတ်ဖို့ဖိအားပေးတာတွေရှိတယ်။ အုပ်ချုပ်ရေးမှူးကတော့ စစ်ကောင်စီထွက်ဖြစ်တဲ့အပြင် လက်ရှိ ပျု ပုံစံမျိုးနဲ့ ပြည်သူစစ်ဖွဲ့နေတာတွေရှိတယ်။”ဟု ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြို့မကွက်သစ်ရပ်ကွက်၌ နေထိုင်သည့်လူငယ်များအား ဖမ်းဆီးခဲ့ရာ အသက် ၂၄အရွယ် ကိုအောင်ကျော်ကျော်လည်း ဖမ်းဆီးခံခဲ့ရကြောင်း၊ အောက်တိုဘာ၂၀ ရက် တွင် ၎င်း၏ရုပ်အလောင်းအား အမှိုက်ပုံတွင် လာရောက်စွန့်ပစ်သွားကြောင်း ဒေသခံများက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ကျေးရွာပြည် သူများကို ဖမ်းဆီးခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ဆက်လက်မပြုလုပ်ရန်နှင့် ဌာနဆိုင်ရာ CDM ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများ မပြုလုပ်ရန် ပြင်းပြင်းထန်ထန်သတိပေးလိုက်ကြောင်း၊ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ညီနောင်မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ တိုက်ခိုက် သွားမည်ဖြစ်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်ပေးကြရန် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က မေတ္တာရပ်ခံသည်။
အဆိုပါ စစ်ဆင်ရေးအား ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်တပ်ဖွဲ့(နတ်မောက်)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ဂဠုန်တပ်ဖွဲ့(နတ်မောက်)တို့သည် အောက်တိုဘာ ၁၆ ရက် ည ၉ နာရီခွဲခန့်က နတ်မောက် မြို့နယ်၊ ဖက်တောရေကျေးရွာအနီးတွင် ဆိုင်ကယ် လေးစီးဖြင့် ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးနှင့်ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ် ပွားခဲ့သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လေးဦးသေဆုံးပြီး သေနတ်၂ လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး မစိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့သည်။
တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်သည် ဖက်တောရေကျေးရွာအား ဝင်ရောက်စီးနင်းကာ နေအိမ်၉လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
