စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် မံယူးကြီးရွာရှိ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းကို စစ်ကောင်စီတပ်က ယနေ့နံနက်တွင် လေးကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်များ ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မံယူးကြီးရွာသည် ဗန်းမောက်- ပင်လယ်ဘူးနယ်စပ်၌ တည်ရှိပြီး ယနေ့ (အောက်တိုဘာ ၂၀ရက်)နံနက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီ ဆေးရုံကို လေယာဉ်နဲ့မနက် ၁၀နာရီလောက်က လာကြဲသွားတာ။ ကြဲသွားတော့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ယောက်သေတယ်။ ကလေးက အနည်းဆုံး ၅ယောက်လောက် ဒဏ်ရာအပြင်းအထန်ရတယ်။ အဲဒီ ဆေးရုံက ကိုယ်ထူကိုယ်ထ ဆောက်ထားတာ။ ဒီနေ့ အဲဒီ ဆေးရုံမှာ ရပ်ကွက်အလိုက်လုပ်အားပေးနေတဲ့ အချိန်မှာ ဝင်ပစ်သွားတာ”ဟု ဒေသခံက ပြောသည်။
အဆိုပါ မံယူးကြီးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာဆေးပေးခန်းနှင့် နေအိမ် ၅လုံးခန့်ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။
“သူတို့က တမင် ပြည်သူတွေရှိနေတာ သိသိရဲ့နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ။ ဒီဆေးရုံက အခြား PDF တွေဘာတွေနဲ့ ပူးပေါင်းပြီးဆောက်လုပ်ထားတာလည်းမဟုတ်ဘူး။ ကိုယ်ထူ ကိုယ်ထ ရပ်ရွာကပေါ့ ။အဲဒီ ဗန်းမောက် – ပင်လယ်ဘူးနယ်စပ်ဆိုတာနည်းနည်း ခေါင်တယ်။ ခေါင်တဲ့ရွာဆိုတော့ ရွာကနေ ကိုယ်ထူကိုယ်ထ ဆောက်ထားတာပေါ့ ။ဒီလို လုပ်တာကို ရှုတ်ချတယ်”ဟု ဒေသခံက ပြောသည်။
