စစ်ကိုင်းတိုင်း၊ မုံရွာသပိတ်ကော်မတီဦးဆောင်သူမုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ယနေ့ထောင်ဒဏ်၄ နှစ်ထပ်မံချမှတ်လိုက်သည်။
“ဒီနေ့ဝေမိုးနိုင်ကို ၅၀၅-က နဲ့ ၂ နှစ်၊ပုဒ်မ ၂၅ နဲ့ ၂နှစ် စုစုပေါင်း ၄ နှစ်အမိန့်ချပါတယ်။ ယခင် ၁၀ နှစ်နဲ့ စုစုပေါင်း ထောင်ဒဏ်၁၄နှစ် အမိန့်ချပြီးဖြစ်ပါသည်။”ဟု ကိုဝေမိုးနိုင်မိခင်က လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးသည်။
ကိုဝေမိုးနိုင်ကို ပြီးခဲ့သည့်သြဂုတ်လ၈ရက်နေ့က ပုဒ်မ ၅၀၅-က နှင့် စွဲဆိုထားသည့် အမှု ၅ မှု အတွက် တစ်မှုကို ၂ နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည်။
မုံရွာမြို့ လူထုသပိတ်ဦးဆောင်ကော်မတီခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် အိမ်စီးကားကို အသုံးပြု၍ ဆိုင်ကယ်ဖြင့်ဆန္ဒပြနေစဥ် ဝင်တိုက်၍ အကြမ်းဖက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
