မူဆယ်တွင် စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှုးကြီး ပြည့်ဖြိုးအောင်နှင့်အရာရှိတစ်ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ်ေမြာက်ပိုင်းပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ -PSDA ပြောရေးဆိုခွင့်ရှိသူကပြောသည်။
ယမန်နေ့(အောက်တိုဘာလ ၁၈ရက်)ညနေက စစ်ကောင်စီ၏ တပ်မ(၉၉) လက်အောက် ခမရ (၄၂၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်နှင့်အတူ အရာရှိ တစ်ဦးအား မူဆယ်မြို့နယ်၊ ၁၀၅ မိုင်စီးပွားရေးဇုံနယ်မြေတွင်တိုက်ခိုက်ချေမှုန်းခဲ့သည်ဟုPSDAကယနေ့(အောက်တိုဘာ ၁၉ရက်)ညတွင် သတင်းထုတ်ပြန်သည်။
“နေ့လယ် ၁နာရီခန့်မှာ ပစ်ခတ်ရှင်းလင်းတယ်။ ညနေ ငါးနာရီခန့်မှာ သေသွားတယ်လို့ သတင်းရတယ်”ဟု -PSDA ပြောရေးဆိုခွင့်ရှိသူက People’s Springသို့ ပြောသည်။
ဒုဗိုလ်မှုးကြီး ပြည့်ဖြိုးအောင်စီးလာသော ကားကို မူဆယ်နှင့် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်လမ်းမပေါ်တွင် လက်နက်ကိုင်လူတစ်စုကနှစ်ဖက်ညှပ်၍သေနတ်ဖြင့်ပစ်ခတ်ခြင်းဟု မျက်မြင်တွေ့သူများကပြောသည်။
” သူ့ကားကို ရှေ့ကနေ ကားနဲ့ပိတ်ရပ်လိုက်တယ်။ နောက်က ဆိုင်ကယ်တစ်စီးကပါ ပိတ်ပြီးရှေ့နောက်ညှပ်ပစ်တာ”ဟု ပစ်ခတ်မှုဖြစ်စဉ်ကိုမျက်မြင်တွေ့သူတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ပြည်သူ့စစ်များအားလုံးကို ဆက်လက်တိုက်ခိုက်မည်ဖြစ်ပြီး နှုတ်ထွက်ကြရန် PSDAက ထပ်မံသတိပေးသည်။
“စစ်ကောင်စီနဲ့ Non တွေကို ပြောချင်တာက ကျွန်တော်တို့ဟာ ခများတို့ရဲ့ အနီးနားမှာတင်ရှိနေတယ်။ တစ်ချက်လစ်ဟာတာနဲ့ ရှင်းလင်းမယ်ဆိုတာပဲ” ဟု PSDA တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
