▪︎စစ်ကောင်စီတပ်ကပုံမှန်လမ်းကြောင်းမှမလာဘဲ တောလမ်း၊တောင်လမ်းမှပြောင်းလာနေ
ကလေး-တမူးလမ်းမပေါ်တွင်စစ်ကောင်စီတပ်ကိုPDF(ကလေး)တပ်ရင်းသုံးခုက တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း PDF(ကလေး) တပ်ရင်း (၃)မှတာဝန်ရှိသူကပြာသည်။
ကလေးမြို့မြောက်ပိုင်း ကလေး-တမူးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်က ကားကြီး ၂စီးအပါအဝင် ခြေလျင်စစ်ကြောင်းများက စစ်အင်အား ၇၀ခန့်ဖြင့် ကလေးမြို့ကို ဦးတည်လာစဉ် အောက်တိုဘာ ၁၇ ရက်မနက် ၇နာရီခွဲခန့်က PDF(ကလေး)က အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ကလေး-တမူးလမ်းပိုင်း ၅၅ မိုင် အကျဉ်းစခန်းမှနံနက် ၆နာရီခန့်တွင် စတင်ထွက်လာပြီးကံလှရွာအနီးတွင် နံနက်၇နာရီခွဲ၌ PDF(ကလေး) တပ်ရင်းများကမိနစ် ၂၀ ကြာ ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုအပြင် စစ်ကောင်စီတပ်၏ နောက်ချန် စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်များက အောက်တိုဘာ ၁၇ ရက် နံနက် ၁၀နာရီခန့်က မြလေးတောင် ဘုရားအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

PDF(ကလေး)ဘက်မှ တဦးမှာ လက်နက်ကြီး ထိမှန်၍ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ PDF(ကလေး) တပ်ရင်း (၃) ၊ တပ်ရင်း (၈) နှင့် တပ်ရင်း (၁၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တမူးဘက်ကနေ လာတဲ့စခတွေလို့ယူဆရပါတယ်။စခတွေ(စစ်ကောင်စီတပ်)ကဝိတုတ်ရွာကိုလည်းရောက်ခဲ့သေးတယ် ပြီးမှ ကံအောင်ရွာကိုရောက်လာတယ် ”ဟု PDF(ကလေး) တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးကစစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပုံကိုပြောသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီ စစ်ကြောင်းသည်ယခုအခါ ကလေးမြို့ကိုရောက်ရှိနေပြီဟုလည်း ၎င်းကဆက်ပြောသည်။
“တမူးဘက်ကနေလို ယူဆရတဲ့ စခ(စစ်ကောင်စီတပ်သား) ၅၀ ဝန်းကျင် မနေ့ညက ရာဇဂြိုလ်ဆည်မြောင်းနားက ရာဘာခြံမှာ ရောက်နေတယ်လို သတင်းရထားပါတယ်ဗျ။ အဲ့နေရာ မတိုင်ခင် နေရာတစ်ခုကိုလည်း ရောက်သေးတယ်လို ကြားမိလိုက်သေးတယ်ဗျ။စခတွေကပုံမှန်မဟုတ်တဲ့ တောလမ်း တောင်လမ်းတွေကနေရောက်လာတယ်ဗျ”ဟုအဆိုပါတာဝန်ရှိသူကပြောသည်။
လက်ရှိတွင် ကလေးဒေသတွင်း စစ်ရေးတင်းမာနေ၍ လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေပြီး ပါဝင်ကူညီပေးကြရန်လည်း PDF(ကလေး) တပ်ရင်း ၃ တာဝန်ရှိသူကမေတ္တာရပ်ခံသည်။
