လွိုင်ကော် – မိုးဗြဲလမ်းမကြီးတစ်လျှောက် စစ်ရေးပြင်းထန်မှုများအချိန်မရွေးဖြစ်ပေါ်လာနိုင်၍ ပြည်သူများ ခရီးလမ်းသွားလာခြင်းများလုံးဝမပြုလုပ်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၂က ထုတ်ပြန်သည်။
အသိပေးတားမြစ်ချက်အဖြစ် ယနေ့(အောက်တိုဘာ ၁၉ ရက်)ညနေပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က လွိုင်ကော် – မိုးဗြဲလမ်းမကြီး နှင့်ဆက်စပ်သည့် နွားလဝိုးရွာကို ထိန်းချုပ်ထားပြီး လွိုင်ကော်အမြှောက်တပ်မှ ယခုရက်ပိုင်းအတွင်းနေ့စဥ် လက်နက်ကြီးများ အသုံးပြုပစ်ခတ်မှုများရှိနေကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“စစ်ရေးအရတော့ ကရင်နီဒေသမှာ အရေးပါတဲ့ မိုးဗြဲနဲ့ လွိုင်ကော်ကို စကစဘက်က အလုံးစုံထိန်းနိုင်ဖို့ လုပ်နေတယ်လို့ ပြောလို့ရတယ်။ လောလောဆယ်အခြေအနေအရလည်း နှစ်ဖက်ထိတွေ့မှု ကရှိဖို့များတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် အောက်တိုဘာ ၁၅ရက်အထိ တစ်လတာအတွင်း လွိုင်ကော်မြို့ နှင့်ဆက်စပ်နေသော ဒေသများ၌ တိုက်ပွဲ ၁၀ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ဦးထက်မနည်းသေဆုံးကြောင်း KNDF တပ်ရင်း – ၂ က ထုတ်ပြန်ထားသည်။
အလားတူ အဆိုပါတိုက်ပွဲများ၌ KNDF တပ်ရင်း -၂ မှ ရဲဘော်နှစ်ဦးအပါအဝင် ရဲဘော်သုံးဦးကျဆုံးခဲ့ရသည်။
