စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာတိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နေထက်၏ စျာပနအား ပြည်သူအများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြသည်။
အောက်တိုဘာ ၁၇ ရက်က ရွှေပန်းကုံးနယ်မြေရဲစခန်းတိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နေထက်၏ နာရေးအခမ်းအနားအား ယနေ့(အောက်တိုဘာ ၁၉ ရက်)တွင် ပြုလုပ်ခဲ့သည်။

ရဲဘော်နေထက်အတွက် သက်ပျောက်ဆွမ်းကပ်ပြီး ကရင်ဓလေ့အတိုင်း အလေးပြုခြင်း၊ ပေးပို့လာသော ဝမ်းနည်းကြောင်းသဝဏ်လွှာများကို ဖတ်ကြားခြင်း၊ အမှတ်တရစကားပြောခြင်း၊ အမိန့်ပြန်တမ်းဖတ်ကြားခြင်းနှင့် သေနက်ပစ်ဖောက် ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။
ရဲဘော်နေထက်၏ နာရေးအား နယ်မြေစစ်ရေးတင်းမာနေသည့်ကြားမှပင် ဒေသခံသက်ကြီးရွယ်အိုဘိုးဘွားများကအစ လိုက်ပါပို့ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။
ရဲဘော်နေထက်သည် နွေဦးတော်လှန်ရေးကာလတွင် 96 Soldiers-PDF တပ်ဖွဲ့၌ပါဝင်၍ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ခဲ့သူဖြစ်ကြောင်း၊ ရဲဘော်နေထက် အနေဖြင့်

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းခုလတ်တွင်မြင့်မြတ်စွာကျဆုံးရင်း သူ၏အသက်ကို ပေးလှူခဲ့ကြောင်း၊ 96 Soldiers-PDF တပ်ဖွဲ့က ကြေကွဲဝမ်းနည်းစွာဖြင့် ယူကျုံးမရ ဖြစ်ရသလို သူ၏ စွန့်လွှတ်အနစ်နာခံမှုအတွက်လည်း ဂုဏ်ယူမိကြောင်း ဖော်ပြခဲ့သည်။
ရဲဘော်နေထက်သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်က ပခုက္ကူအကျဥ်းထောင်မှထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့သူဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး၌ ဆက်လက်ပါဝင်ခဲ့သူဖြစ်သည်။

အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်း ၀က်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကို 96 Soldiers-PDF တပ်အဖွဲ့နှင့် ဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲကြာမြင့်ချိန် ၁နာရီအခန့်အကြာတွင် ဝေဟင်မှ လေယာဉ်ဖြင့် ပစ်ခက်သောကြောင့် တပ်ဖွဲ့၀င်များ ဆုတ်ခွာခဲ့ရပြီး ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရ၍ ရဲဘော်နေထက် ကျဆုံးခဲ့ရသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရရှိခဲ့သည်။
