ဒီနေ့မနက်ပိုင်း အင်းစိန်ထောင် ဝင်ပေါက်ဂိတ် မှာ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈ ဦးထိရှိလာပြီး အကျဉ်းဦးစီး ဝန်ထမ်း ၃ ဦးနဲ့ ထောင်ဝင်စာ ပါဆယ်လာပို့သူ အမျိုးသမီး ၅ ဦးပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။
ပေါက်ကွဲမှုဟာ လှိုင်မြစ်လမ်းပေါ်က အင်းစိန်ထောင်ဝင်ပေါက်နားမှာရှိတဲ့ ထောင်ဝင်စာပို့တဲ့ နေရာမှာဖြစ်ပွားခဲ့တာပါ။
လူမှုကွန်ရက်မှာတက်လာတဲ့ ဓာတ်ပုံတွေအရ ပေါက်ကွဲမှု ဖြစ်တဲ့နေရာဟာ ထောင်တွင်းကိုပေးပို့မယ့် စာ နဲ့ဆေးဝါး လက်ခံတဲ့နေရာဖြစ်တာကိုတွေ့ရပါတယ်။
စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ထောင်ဝင်စာပို့တဲ့အဆောက်အဦးထဲနဲ့ အဆောက်အဦးပြင်ပ မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့တာလို့ ထုတ်ပြန်တာတွေ့ရပါတယ်။
ပေါက်ကွဲမှုကြောင့် အကျဉ်းဦးစီးဝန်ထမ်း ၃ ဦး သေဆုံးသလို ထောင်ဝင်စာ လာပို့တဲ့အမျိုးသမီး ၅ ဦး စုစုပေါင်း ၈ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ကနဦးစုံစမ်းသိရပါတယ်။
