ထိခိုက်ဒဏ်ရာရသူတွေထဲ ထောင်ဝင်စာ လာပို့သူ ပြည်သူအချို့ပါဝင်
ဒီနေ့မနက်ပိုင်း က အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုကြောင့် ဒီနေ့ စစ်ဆေးဖို့ရှိတဲ့ ထောင်တွင်းစစ်ကောင်စီ တရားရုံးချိန်းတွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးထံကသိရပါတယ်။
ပေါက်ကွဲမှုဟာ ဒီနေ့မနက်ပိုင်း ၉ နာရီခွဲခန့်က ထောင်ဝင်စာ ပါဆယ်ပို့တဲ့နေရာနား ဖြစ်ခဲ့တာပါ။
စစ်ကောင်စီ လော်ဘီလူမှုကွန်ရက်တွေမှာသတင်းဖြန့်ထားချက်အရတော့ ထောင်ဝင်စာပို့တဲ့အဆောက်အဦးထဲနဲ့ အဆောက်အဦးပြင်ပမှာ ၂ ကြိမ် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် အကျဉ်းဦးစီးဝန်ထမ်း ၃ ဦး သေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရတယ်လို့ စစ်ကော်စီလော်ဘီတယ်လီဂရမ်အချို့မှာ မျှဝေနေကြပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ထောင်ဝင်စာပါဆယ်သွားပို့သူလည်းပါဝင်တာကြားရတယ်လို့ ဒီနေ့မနက်ပိုင်းအင်းစိန်ထောင်တွင်း ရုံးချိန်းကိုသွားခဲ့တဲ့နိုင်ကျဉ်းမိသားစုဝင်တစ်ဦးကပြောပြပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး လက်ရှိအချိန်ထိ အင်းစိန်ထောင်တဝိုက်မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးအပြည့်ချထားတယ်လို့လည်း အဲဒီနိုင်ကျဉ်းမိသားစုဝင်ဆီကသိရပါတယ်။
ဒီနေ့မနက်ပိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်လာတာမရှိသေးပါဘူး။
