စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်က Mi 35 နှစ်စီးဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (အောက်တိုဘာလ ၁၉ ရက်) နံနက် ၁၀ နာရီ ၁၀မိနစ်ခန့်တွင် မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ရဟတ်ယာဥ် လေးစီးဖြင့် ရင်ပေါင်တိုင်ရွာနှင့် ဆင်စွဲကျေးရွာအနီးသို့ သုံးစီးဝဲပျံပြီး တစ်စီးက ရမ်းသမ်းပစ်ခက်နေကြောင်း ပုလဲနယ်အခြေစိုက် Royal Eagle PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပုထိုးသာအရှေ့ဘက် ပုပ္ပါးရွာအနီးတွင် ရဟတ်ယာဥ်ဖြင့်စစ်ကောင်စီတပ်များချနေသည်ဟု ကနဦးသတင်းရရှိထားကြောင်း၊ လည်ငေါက်၊ပုထိုးသာ ကားလမ်းအား အသုံးပြုမည့် မော်တော်ယာဥ်နှင့် ခရီးသွားများ ဖြတ်သန်းသွားလာခြင်းမပြုရန် Royal Eagle PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အခုတော့ ပုထိုးသာရွာနဲ့ရင်ပေါင်တိုင်ရွာထဲကို ရဟတ်ယာဥ်နဲ့လူချပြီး ရမ်းသမ်းပစ်ခက်နေတယ်။ ပိတ်မိတဲ့ပြည်သူအချို့လည်းရှိတယ်ဗျ။”ဟု Royal Eagle PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သည် လေကြောင်းပစ်ခတ်နေရင်း Mi17 ဖြင့် လေးခေါက် တပ်သားများ လာချနေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် သြဂုတ် ၁၁ ရက်ကလည်း ရင်ပေါင်တိုင်ရွာအား လေကြောင်းပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသကာကွယ်ရေးရဲဘော်အချို့ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။
