ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဥ်းထောင်ရှေ့တွင် ယနေ့(အောက်တိုဘာ ၁၉)နံနက်ပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကျဥ်းဦးစီးဝန်ထမ်း ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
အင်းစိန်မြို့နေသူတစ်ဦးက”ထောင်ထဲက ဂိတ်ဝက်ပေါက်မှာကို ပေါက်တာ။သေတဲ့သူများတယ်။လောလောဆယ်အတည်ပြုနိုင်တာ သုံးယောက်သေတယ်တဲ့။ပြီးတော့ ၁၀ ယောက်လောက်ဒဏ်ရာရတယ်။အကုန်လုံးက ထောင်ဝန်ထမ်းတွေ”ဟု ပြောသည်။
ယနေ့နံနက် ၉ နာရီ ၄၀ ခန့်က အင်းစိန်ဗဟိုအကျဉ်း ထောင်ဘူးဝအနီး ပါဆယ်ဗုံးနှစ်လုံးပေါက်ကွဲခြင်းဖြစ်ပြီးစစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဝန်ထမ်းခုနစ်ဦးဒဏ်ရာရကာ သုံးဦးသေဆုံးသွားကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာ News Of Myanmar တယ်လီဂရမ်ချန်နယ်က ဆို သည်။
“ပေါက်ကွဲမှုမှာ အကျဉ်းထောင်ဝင်ထွက်ပေါက် ပါဆယ်လက်ခံသည့်အဆောက်အဦးအတွင်း၌ တစ်ကြိမ်၊ အ ဆောက်အဦးအပြင်၌တစ်ကြိမ်ဖြစ်ပြီးပေါက်ကွဲမှုကြောင့် အကျဉ်းထောင်မှ တပ်သားကျော်ဇင်ဦး၊ တပ်သားခင်မိုးဝေနှင့် တပ်သားပိုးအိဇံတို့သေဆုံးပြီး ၇ ဦးမှာဗုံးစထိမှန်ဒဏ်ရာများရကြောင်းသိရသည်”ဟု NOM က ဖော်ပြ သည်။
ပေါက်ကွဲမှုကြောင့် အင်းစိန်ထောင်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်းလည်း အခါးဒေသခံသတင်းရင်းမြစ်တစ်ဦးကလည်း အတည်ပြုသည်။
“ခုနှစ်ချက်လောက်ရှိတယ်။အခု အင်းစိန်ထောင်နဲ့ ဆက်စပ်တဲ့လမ်းတွေကို စခတွေပိတ်ပြီး စစ် နေတယ်”ဟု၎င်းကဆက်ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားဖမ်း ဆီးခံထားရသည့်နိုင်ငံရေးအကျဥ်းသားများချုပ်နှောင်ထားသည့်အင်းစိန်ထောင်ဝန်ထမ်း များအနေဖြင့်စစ်ကောင်စီလက်အောက်မှ နှုတ်ထွက်ရန်မြို့ပြတော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ်သတိပေးထားသည်။
အထက်ပါဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်က အင် အားအလုံးအရင်းဖြင့် အင်းစိန်ထောင်ဘူးဝရှေ့နှင့်အနီးဝန်းကျင်ကို လမ်းများပိတ်ဆို့လိုက်ပြီး ခြေရှုတ်နေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း အင်းစိန်ထောင်အနီးဝန်းကျင်၌ ပေါက်ကွဲမှု လေးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့သေးသည်။
