မူဆယ်မြို့တွင် စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး ယနေ့ညနေ ၃နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပြင်းထန်စွာဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။
မူဆယ်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (၄၂၁)၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်စီးလာသော ကားကို လက်နက်ကိုင်လူတစ်စုက နှစ်ဘက်ညှပ်၍ သေနတ်ဖြင့် ပစ်ခတ်ခြင်းဟု မျက်မြင်တွေ့သူများက ပြောသည်။
” သူ့ကားကို ရှေ့ကနေ ကားနဲ့ပိတ်ရပ်လိုက်တယ်။ နောက်က ဆိုင်ကယ်တစ်စီးကပါ ပိတ်ပြီး ရှေ့နောက် ညှပ်ပစ်တာ။ ကျည် ခုနစ်ချက်ထက်မနည်းဘူး ထိတယ်။ အခု အသက်လုနေရတယ်ကြားတယ်”ဟု ပစ်ခတ်မှုဖြစ်စဉ်ကို မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။
ပစ်ခတ်မှုသည် မူဆယ်နှင့်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် လမ်းမပေါ်တွင် ယနေ့ (အောက်တိုဘာ ၁၈ရက်)ညနေ ၃နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“သေနတ်ဒဏ်ရာ ခုနစ်ချက်ရတယ်။ ဆေးကုနေတယ်။ သေတော့ မသေဘူးလို့ သိရတယ်”ဟု မူဆယ်မြို့ဌာနဆိုင်ရာအရာရှိတစ်ဦးက ပြောသည်။
ပစ်ခတ်သည့်အဖွဲ့ကို မသိရသေးသလို သတင်းထုတ်ပြန်မှုလည်း မတွေ့ရသေးပေ။
အောက်တိုဘာ ၆ရက် ညနေ ၅ နာရီခန့်က မူဆယ်မြို့နယ်တရားသူကြီးအား အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အဆိုပါတရားသူကြီးမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့သည်။
ပြီးခဲ့သည့် သြဂုတ် ၂ရက်ကလည်း မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။
