သဘာဝဘေး အတွက် သုံးဖို့ ရဟတ်ယာဉ် ဌားရမ်း ၊ ဝယ်ယူရာမှာ ဘဏ္ဍာငွေ ထိခိုက်တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ လက်ကျန် အဂတိ ၅ မှုကို စစ်ကောင်စီ တရားရုံးက ဒီနေ့မှာ စွဲချက်တင်လိုက်ပါပြီ။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတ ဦးဝင်းမြင့် ၊ NLD လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကိုပါ တပါတည်း စွဲချက်တင်လိုက်တာပါ။
NLD အစိုးရလက်ထက်က ပုဂ္ဂလိက ရဟတ်ယာဉ်တစ်စီးဌားရမ်းရာမှာ ပျံသန်းချိန်နာရီပြည့်အောင်မသုံးတာ ၊ ပြည်ပက ရဟတ်ယာဉ်တစ်စီးဝယ်ရာမှာ လုပ်ထုံးလုပ်နည်းမညီညွှတ်တာတွေကြောင့် နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုကာ တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မ ၅ မှုနဲ့တရားစွဲခဲ့တာပါ။
ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်တဲ့ အဂတိပုဒ်မ ၅ မှုဟာ နောက်ဆုံးလက်ကျန် အမှုတွေပဲဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုတဲ့အမှု ၁၉ မှုရှိပြီး ၁၄မှုနဲ့ထောင်ဒဏ် ၂၆ နှစ်ချထားပြီးဖြစ်ပါတယ်။
