စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် အမျိုးသားနှစ်ဦးစီးလာသည့်ဆိုင်ကယ်တစ်စီးအား ကားတစ်စီးက တိုက်ပြေးသွားရာ နှစ်ဦးလုံးသေဆုံးသွားကြောင်းဒေသခံများကပြောသည်။
ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မုံရွာ-မန္တလေးလမ်း မြေနဲကျေးရွာ၊ မြေနဲရွာတံတားအနီး နယူးအားမာန်ဘီယာဆိုင်ရှေ့တွင် နှစ်ယောက်ပိုးစီးလာသော Clickဆိုင်ကယ်အား 4wအမျိုးအစားအနက်ရောင် ကားဖြင့် တိုက်ပြီး ခဏရပ်ကြည့်ကာ မြောက်ဘက်(မုံရွာဘက်) မောင်းသွားကြောင်း မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောသည်။
ဒဏ်ရာရ အမျိုးသားနှစ်ဦးအား ဆေးရုံကြီး OPDသို့ ပို့ဆောင်ခဲ့သော်လည်း လူနာများ အသက်မရှိတော့သဖြင့် ရင်ခွဲရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့-မုံရွာက လည်းထုတ်ပြန်ထားသည်။

“အဲ့ကားမြင်လိုက်တယ်။ ရွှေကုန်းရပ်ကွက်လမ်းကြားကနေ အနောက်ဘက်မောင်းပြေးတာ။ ဘုန်းကြီးတစ်ပါးလဲပါတယ်။ မိန်းကလေးတွေရောအထုပ်တွေရောပါတယ်။ ကားခေါင်းကလဲပိန်နေတာ။ သေချာတယ်အနက်ရောင်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့တွင် အကြောင်းရင်းမသိရသည့် ယာဥ်တိုက်သေဆုံးမှု၊ သတ်ဖြတ်မှုများ၊ လုယက်ဓားပြတိုက်သတ်ဖြတ်မှုများ ဖြစ်ပွားနေသည်။
