စစ်ကိုင်းတိုင်း၊ ခန္တီးအကျဉ်းထောင်တွင် ယနေ့နံနက်အစောပိုင်းကဖောက်ထွင်းခံရပြီး စစ်ကောင်စီဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားဆယ်ဦးထက်မနည်းလွတ်မြောက်သွားကြောင်းဒေသတွင်းတော်လှန်ရေးအင်အားစုများကပြောသည်။
” မနက်သုံးနာရီလောက်က ထောင်ဖောက်သွားတယ်။ နိုင်ကျဉ်း ဆယ်ယောက်လောက် လက်နက်နဲ့ လွတ်သွားတယ်။ စစ်ကောင်စီက မြို့ကို ပိုက်စိပ်တိုက်ရှာနေတယ်။ ကုန်းလမ်း ရေလမ်းအကုန် ပိတ်ရှာနေတယ်”ဟု ခန္တီးမြို့ခံတစ်ဦးက People’s Springသို့ ပြောသည်။ သို့သော်ထောင်ဖောက်ထွက်ပြေးသွားသော နိုင်ကျဥ်းအချို့တွင် လက်နက်ရရှိသွားကြောင်း ၎င်း၏ပြောကြားချက်အပေါ် People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
စစ်ကောင်စီ ထောင်သွင်းအကျဥ်းချထားရာမှ ထွက်ပြေးလာသူများကို တွေ့ရှိပါက ရသည့်နည်းဖြင့် ကူညီကြရန်လည်း ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မြို့ခံလူထုအား မေတ္တာရပ်ခံသည်။
ခန္တီးအကျဉ်းထောင်သည် ခန္တီးမြို့မှ သုံးမိုင်ခန့်အကွာတွင်ခန္တီး-နန့်စီပွန်လမ်း၌ တည်ရှိသည်။
