မုံရွာ-မန္တလေးလမ်းတစ်လျှောက်ဖြစ်သောချောင်းဦး – စစ်ကိုင်းလမ်းပိုင်းနှင့် မုံရွာ – ချောင်းဦး လမ်းပိုင်းများတွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက ယနေ့တွင် တိုက်ခိုက် ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့များမှတာဝန်ရှိသူများကပြောသည်။
ချောင်းဦး – စစ်ကိုင်းလမ်းပိုင်းတွင် ယနေ့ မိုင်းစစ် ဆင်ရေးတွင် စစ်ကောင်စီတပ် သေဆုံးမှုများပြီး ရုပ်အလောင်းများကိုသယ်ရန် အရပ်သားတစ်ဦးကို ပစ်သတ်ပြီး ယင်းအရပ်သား၏ကားဖြင့် တင် ဆောင်သွားသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)က သတင်းထုတ်ပြန်သည်။
ယနေ့(အောက်တိုဘာ ၁၇) နေ့လည်မှ ညနေအထိ ချောင်းဦး – စစ်ကိုင်းလမ်း၊ စစ်ကိုင်း-မုံရွာလမ်းတွင် မိုင်းလေးကြိမ်ခွဲ၍ စစ်ကောင်စီယာဉ်တန်းအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“နေရာ သုံးနေရာမှာ လေးကြိမ်ခွဲတယ်။ ဒီနေ့ စခတွေ တော်တော်ထိတယ်။စစ်ကိုင်း-ချောင်းဦးလမ်းမှာ လမ်းဘေးဆွဲချထားတဲ့ သုံးလောင်းကို သယ်ဖို့ အရပ်သားကားကို ပစ်တားတာ အရပ်သားသေဆုံးသွားတယ်။ မုံရွာ- စစ်ကိုင်းလမ်းမှာ ထိတဲ့သူတွေကိုတော့ မုံရွာက လူမှုရေးကားတွေ လာသယ်သွားတယ်”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးက ပြောသည်။
ယနေ့ မိုင်းစစ်ဆင်ရေးတွင် မြောင်အမျိုးသမီးစစ် သည်တော်တပ် (M2W)မှ ထုတ်လုပ်သော ပြင်းအားမြင့် မိုင်းများအသုံးပြုခဲ့သည်ဟု ကိုနွေဦးကပြောသည်။
စစ်ကောင်စီတပ်က ပစ်သတ်သွားသည့် အရပ်သားမှာ မည်သူမည်ဝါဆိုသည်ကို မသိရသေးပေ။
စစ်ကိုင်း-ချောင်းဦးလမ်း မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ပျက်စီးသွားသော စစ်ကောင်စီကားနှစ်စီးမှာ လမ်းဘေးတွင်ယခုထိရှိနေသည်ဟု CDSOM က ယနေ့ည သတင်းထုတ်ပြန်သည်။
” ွေးများမှ စက်သေနတ်ဖြင့် ပြန်လည်ပစ်ခတ် ကြ ပေမယ့် ကျနော်တို့ရဲဘော်များ တစ်ဦးတစ်ယောက်မှထိခိုက်မှုမရှိပဲ အောင်မြင်စွာပြန်လာခဲ့ကြပါသည်”ဟု CDSOM က ထုတ်ပြန်ထားသည်။
ယနေ့ မိုင်းစစ်ဆင်ရေးကို မြောင်အမျိုးသမီးစစ် သည်တော် M2W၊CDSOM၏ တူမီးဖိုက်တာအဖွဲ့၊CDSOM၏ ဗိုလ်စင်္ကျာအဖွဲ့၊ Young Fighter -YFPDF၊ ဒီမို ပြောက်ကျားနှင့် One PDF၊Black Eagle မြင်းမူလင်းယုန်နက်၊People Defense Force MMU PDF၊ Myinmu Civil Revolution Force -CRF၊မြင်းမူလျှပ်စီးအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း (၆)တပ်ခွဲ (၂)နှင့် မြင်းမူမြို့နယ်(ပကဖ) တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်းနှင့် လုံခြုံရေးကြိုယူပေးသော ကင်းပုန်းများကိုပါ ပဒေသာမိုင်းများဖြင့် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း PDF – South Monywa အဖွဲ့ တာဝန်ခံ Daung Karyan က ပြောသည်။
ယနေ့(အောက်တိုဘာလ ၁၇ ရက်)တွင် မုံရွာ – မန္တလေး လမ်းမကြီး၏ မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မွန်းလွဲ ၁၂ နာရီခွဲခန့်က ချောင်းဦးဘက်မှလာသော စစ်ကောင်စီယာဥ် သုံးစီးတန်းအား မြေနဲရွာအနီးတွင် တိုက်ခိုက်ခဲ့သည်။
မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် မြင်းမူမြို့ဘက်မှလာသော စစ်ကောင်စီယာဥ် ၁၀ စီးတန်းအား ဂွေးပင်တောရွာအနီးတွင် ပဒေသာမိုင်း ၅ လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ရာ ကားများ အထိနာ၍ အချိန်အတော်ကြာအထိ ထိုးရပ်သွားခဲ့ကြောင်း PDF – South Monywa အဖွဲ့ တာဝန်ခံ Daung Karyan က ပြောသည်။
မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင်လည်း မုံရွာမှလာသော ၁၂ ဘီးကားအား ဘက်စုံခြံအနီးတွင် ပဒေသာမိုင်း ၃ လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအား အတိအကျမသိရသေးကြောင်း၊ ပြည်သူ့ ရဲဘော်များ အထိအခိုက်မရှိကြောင်း PDF – South Monywa အဖွဲ့ တာဝန်ခံ Daung Karyan က ပြောသည်။
ယမန်နေ့ (အောက်တိုဘာလ ၁၆ ရက်) ည ၁၀ နာရီခန့်ကလည်း မုံရွာ-မန္တလေး လမ်းမကြီး၏ မုံရွာ -ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်နှင့် ပျူများအား ပဒေသာမိုင်း၃ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကြောင်း Daung Karyan က ပြောသည်။
PDF South Monywa အဖွဲ့တာဝန်ခံ Daung Karyan က “မနေ့ညကဖြစ်စဥ်က စစ်ကြောင်းမဟုတ်ဘူး။ ကင်းပုန်းဝပ်တဲ့ကောင်တွေပါ။ ဒီနေ့လမ်းကြောင်းရှိလို့မနေ့ညကကင်းပုန်းလာဝပ်တဲ့ကောင်တွေပါ။ ဒီနေ့က ရိက္ခာရော ွေးတွေရောပါတဲ့ပါတဲ့ကားတွေပါဗျ။”ဟု ပြောကြားသည်။
ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း PDF South Monywa ကအသိပေးထားသည်။
