အစိုးရလျှို့ဝှက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ်ချထားတဲ့ NLD စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသားစီးပွားရေးပါမောက္ခ ရှောင်တာနယ်ကို နေပြည်တော်အချုပ်ထောင်ကနေ အင်းစိန်ထောင်ဆီ ပြောင်းရွှေ့လိုက်ပါတယ်။
ပါမောက္ခရှောင်တာနယ်ကို ထောင်ပြောင်းလိုက်တာကို အမှုနဲ့နီးစပ်သူတစ်ဦးက အတည်ပြုတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။
ရှောင်တာနယ်ဟာ စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ရန်ကုန်မှာ ဖမ်းခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ခံခဲ့ရပါတယ်။
သူရဲ့ကွန်ပြူတာထဲမှာ မြန်မာနိုင်ငံစီးပွားရေးအချက်အလက်တွေ တွေ့တယ်ဆိုကာ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ၊ ဗီဇာစည်းကမ်းချိုးဖောက်မှု လဝက ပုဒ်မတွေနဲ့ တရားစွဲခဲ့ပါတယ်။
၂၀၂၁ နှစ်ကုန်ပိုင်းမှာ နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့လိုက်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ထောင်ဒဏ် ၃ နှစ်ချထားတာဖြစ်ပါတယ်။
ရှောင်တာနယ်လွတ်မြောက်ဖို့အတွက် သြစတြေးလျ အစိုးရ က စစ်ကောင်စီကို တောင်းဆိုထားပါတယ်။
