နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာဟုဆို
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏တပည့်နှစ်ဦး ထမင်းဆိုင်၌ ထမင်းစားနေစဥ် ပစ်ခတ်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (အောက်တိုဘာ ၁၇ ရက်) မွန်းလွဲပိုင်းက ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးနှင့် လက်အောက်ခံနှစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Wundwin Township Revolution Force(WTRF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၎င်းအုပ်ချုပ်ရေးမှူးသည် ရဲတပ်ဖွဲ့မှ ထွေအုပ်ဘက်ပြောင်းလာသူဖြစ်ကြောင်း၊ ပြည်သူများ၏ လစာကိုစားပြီး ပြည်သူများကိုနှိပ်စက်နေ၍ ပြည်သူများ၏တာဝန်ပေးချက်အရ ရှင်းလင်းခဲ့ခြင်းဟု WTRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ဝမ်းတွင်းမှာ မကောင်းတာမှန်သမျှအကုန်လုပ်ဖို့ အမိန့်ပေးတဲ့ကောင်ပဲ။ နှစ်ကောင်ရင်ခွဲရုံရောက်သွားပြီ။ တစ်ကောင်ဒဏ်ရာရတယ်။”ဟု WTRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဝမ်းတွင်းမြို့ပေါ် ထမင်းဆိုင်တစ်ဆိုင်တွင် ထမင်းစားနေစဥ် သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အုပ်ချုပ်ရေးမှူးကြီးနဲ့နောက်လိုက် (၂)ကောင် အပစ်ခံရတာ ။တစ်ကောင် မိတ္ထီလာဆေးရုံပို့ရတယ်။ အားလုံး နှစ်ကောင်သေ တစ်ကောင်ဒဏ်ရာရတယ်။”ဟု Voice of Windwin အဖွဲ့ တာဝန်ခံက ပြောသည်။
သေဆုံးသူနှစ်ဦးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးပါဝင်ခြင်းရှိ၊မရှိ ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဝမ်းတွင်းမြို့သည် မန္တလေးတိုင်းတောင်ပိုင်းနယ်တွင် အာဏာရှင်အား ခုခံတော်လှန်မှုအားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ မကြာခဏ ပြုလုပ်နေသည်။
