KNLA နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား (၂)ရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၁၆)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး (၂၃)ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု နဂါးနီးစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တဂေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့အကြား အောက်တိုဘာလ(၁၅)ရက်က ညနေသုံးနာရီမှ ခြောက်နာရီအထိ တိုက်ပွဲတစ်ကြိမ်၊ အောက်တိုဘာ(၁၆)ရက် နံနက်ခြောက်နာရီမှ နေ့လည်(၁၂)နာရီအထိ တစ်ကြိမ် စုစုပေါင်းထိတွေ့တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွေအတွင်း စစ်ကောင်စီ၏ စကခ(၁၃)လက်အောက်ခံ ခမရ(၃၅၈)တပ်ရင်းမှ ခြောက်ဦးသေဆုံးပြီး (၁၆) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ (၂၃)ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု နဂါးနီစစ်ကြောင်းကဆိုပါသည်။
တိုက်ပွဲဖြစ်ပွားချိန်အတွင်း ကြာအင်းဆိပ်ကြီးဗျူဟာကုန်းမှ လက်နက်ကြီး(၁၂၀ မမ)ဖြင့် တရစပ်ပစ်ကူပေးနေသောကြောင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှရဲဘော်များအနေဖြင့် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရသည်ဟု နဂါးနီစစ်ကြောင်းကဆိုသည်။


တိုက်ပွဲပြီးချိန်တွင် နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်(၁၈)လက်နဲ့ ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံး(၅)လုံး၊ ကျည်တောင့်(၁၃၀၀)၊ RPG အသီး(၂)လုံး၊ ကျည်ဘောက်အပို(၂၈)ခု၊ စကားပြောစက် ဆက်သွယ်ရေးအထိုင်စက်တွေအပါအဝင် အခြားစစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု နဂါးနီစစ်ကြောင်းမှထုတ်ပြန်ထားသည်။
