ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် တစ်နှစ်တာအတွင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – တရားစီရင်ရေးဌာနက အမှုပေါင်း ၁၂၀ကို အပြီးပြတ်စစ်ဆေးခဲ့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးကပြော သည်။
မင်းတပ်မြို့နယ်ရှိ တိုက်နယ် ကိုးခုအနက် တိုက်နယ် ငါးခုတွင် ၂၀၂၁ခုနှစ် ဇူလိုင် ၇ ရက်မှ စီရင်ခဲ့ခြင်းဖြစ်သည်။
“အောက်ခြေအဆင့်မှာ ချင်းဓလေ့ထုံးစံနဲ့ ဖြေရှင်းတယ်၊ လူသတ်မှုလိုမျိုး၊ အချင်းချင်း မပြေလည်တာမျိုး၊ တင်းခံနေတာမျိုးကြရင် မြို့နယ်တရားစီရင်ရေးဆီတက်လာတယ်။ မြို့နယ်တရားစီရင်ရေးနဲ့ ရဲတပ်ဖွဲ့တို့ပေါင်းပြီး သက်သေတွေစုဆောင်းပြီး အမှုတွဲတည်ဆောက်တယ်၊ ရာဇသတ်ကြီး ဥပဒေတွေနဲ့ ပြစ်ဒဏ်ချအရေးယူတယ်”ဟု မင်းတပ်မြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးကပြောသည်

တိုက်နယ်အလိုက် ချင်းဓလေ့ထုံးစံအတိုင်း ဖြန့်ဖြေခြင်း၊ တရားစီရင်ခြင်းတို့ကို ဆောင်ရွက်ပြီး မပြေလည်သည့် အမှု ၈ ခုကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-တရားစီရင်ရေးဌာနက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
မြို့နယ်တရားစီရင်ရေး၏ဆုံးဖြတ်ခဲ့သော အမှု ၈ခုအနက် တင်ကူးကြံစည် လူသတ်မှုတစ်ခုကို သေဒဏ်ချမှတ်ခဲ့ကြောင်းလည်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။
သို့သော်သေဒဏ်ကိုချက်ချင်းစီရင်ခြင်းမဟုတ်ဘဲတရားခံကို မြို့နယ်အဆင့်က ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး ပြည်ထောင်စုအဆင့်သို့ပို့၍ အဆင့်ဆင့်ဆက်လက်စစ်ဆေးရဦးမည်ဖြစ်ကြောင်း မင်းတပ်မြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးကရှင်းပြသည်။ အဆိုပါ အမှုတွင် သေဒဏ်ချမှတ်ထားသူကိုလက်ရှိတွင်ဖမ်းဆီးချုပ်နှောင်ထားပြီးပြစ်ဒဏ်ကိုလည်း အတည်မပြုသေးဟုလည်း ၎င်းကဆက်ပြောသည်။
မင်းတပ်မြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် NUGနှင့် ကြားကာလချင်းလူမျိုးရေးရာအတိုင်ပင်ခံကောင်စီတို့ဖြင့် ချိတ်ဆက်ဆောင်ရွက်နေခြင်းဖြစ်သည်။
