စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် PDF ရဲဘော်နှစ်ဦးအား ဖမ်းဆီးသတ်ဖြတ်မှုတွင်ပါဝင်ခဲ့သူ ပျူစောထီးနှစ်ဦးအား အရှင်ဖမ်းဆီးမိပြီး စစ်ဆေးနေစဥ် သေဆုံးသွားကြောင်း မုံရွာ ခရိုင်တပ်ရင်း – ၂ Chindwin Attack Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အောက်တိုဘာ ၉ရက်က မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ (၂) Monywa Special ဒိတ်ဒိတ်ကြဲ PDF၏ အသက် ၂၀နှစ်အရွယ် ရဲဘော် ကိုစည်သူမောင် (ခေါ်)သော်ကနှင့် အသက် ၁၈နှစ်အရွယ် ကိုသက်ဇော်ဦး (ခေါ်) ယက္ခတို့အား လုပ်ကြံသတ်ဖြတ်မှုတွင် အတိအကျ သတင်းပေးသော တောပုကျေးရွာပျူများ၏ ကင်းထောက်အဖွဲ့ဝင် ပျူနှစ်ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း Chindwin Attack Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ကင်းထောက်အဖွဲ့ဝင် ပျူနှစ်ဦးအား အရှင်ဖမ်းမိပြီး စစ်ဆေးနေချိန်အတွင်း တစ်ယောက်မှာ ကွမ်းယာသီးပြီး လေပိတ်ကာ သေဆုံးသွားကြောင်း၊ နောက်တစ်ဦးမှာလည်း အကြောက်လွန်ပြီး နှလုံးရောဂါအခံကြောင့် အမောဖောက်သေဆုံးသွားခဲ့သည်ဟု Chindwin Attack Force၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
တောပုကျေးရွာသည် မုံရွာခရိုင်အတွင်း ပျူစောထီးအားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး ၎င်းကျေးရွာရှိ ပျူများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ် မှုဖြစ်စဥ်များ၌ ပါဝင်ခဲ့သည်။
