စစ်ကောင်စီတပ်၏ မင်္ဂလာဒုံလေတပ်ပြုပြင်ရေးစခန်း ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်ခံရသည့်ဖြစ်စဥ်တွင် စစ်ကောင်စီ တပ်မှ သေဆုံးဒဏ်ရာရရှိသူများရှိကြောင်း ခိုင် မာသည့် သတင်းရင်းမြစ်များက လူထုနွေဦး သို့ အတည်ပြုသည်။
ယမန်နေ့(အောက်တိုဘာ ၁၄ ရက်) ည ၈ နာရီဝန်းကျင်က မင်္ဂလာဒုံလေတပ်ပြုပြင်ရေးစခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးသုံးလုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခံရခြင်းဟုသိရသည်။
“နှစ်လုံးကလေတပ်စခန်းထဲကျပြီးပေါက်တာ။ကျန်တဲ့တစ်လုံးက မအောင်မြင်လိုက်ဘူး”ဟု ရန်ကုန်အခြေစိုက် မြို့ပြတော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
လေတပ်စခန်းဝန်းအတွင်းပေါက်ကွဲမှုဖြစ်စဥ်ကိုစစ်ကောင်စီတပ်က သတင်းဖုံးအုပ်ထားပြီး အသံမိုင်းပေါက်ကွဲ ခြင်းဟုသာစစ်ကောင်စီဝါဒဖြန့်သူများကဖြန့်ဝေလျှက်ရှိသည်။
“အင်းစိန်က နေတောင် ကြားရတာ။ပထမတော့ အင်းစိန်ထဲမှာပဲ မိုင်းကွဲတယ်ထင်တာ။သတင်း တွေ ကြည့်တော့ မှ မဂ်လာဒုံဆိုတာ သိရတယ်။ခန့်မှန်ခြေမနေ့ကည၈နာရီ လောက်မှာ တစ်မိနစ်လောက်ပဲ ခြားတယ် နှစ်ကြိမ် အုန်း ဆိုတာ ကြီးက တော်တော်ကျယ်တယ်”ဟု အင်းစိန်မြို့ခံတစ်ဦးကလည်းပြောသည်။
ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးအဆိုအရ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်အထိရှိနိုင်ကြောင်းလည်း သိရသည်။သေဆုံးထိခိုက်မှုအခြေအနေကိုPeople’s Spring ကသီးခြားအတည်မပြူနိုင်သေးပါ။
ခေတ်သစ်သတင်းဌာနက လေတပ်စခန်းကိုရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရပြီးနောက် ထိခိုက်သူများ၍ လူနာတင်ယာဥ် ၃ စီးအရေးပေါ်သွားရောက်ရကြောင်းဖော်ပြထားသည်။
ထို့အပြင် လေတပ်စခန်းအတွင်း ပေါက်ကွဲမှုကြောင့်စစ်ကောင်စီအင်ဂျင်နီယာတပ်မှအရေးပေါ်သွားရောက်ပြုပြင်ရမှုများလည်းရှိပြီး တပ်အတွင်းအလုပ်ရှုပ်နေကြကြောင်း အထက်ပါ သတင်းရင်းမြစ်ကပြောသည်။
လေတပ်စခန်းကိုရှော့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကိုမည်သည့်အဖွဲ့က ပစ်ခတ်တိုက်ခိုက်သည်ကိုမူယခုအချိန်အထိထုတ်ပြန်ခြင်းမရှိသေးပေ။
အလားတူ အထက်ပါ လေတပ်စခန်းဝင်းတိုက်ခိုက်ခံရမှုနှင့်စပ်လျဥ်းပြီး ယင်းလေတပ်အဝင်ဂိတ်အား နှစ်ကြိမ်ထက်မနည်း အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ဖူးသည့်တော်လှန်ရေးအဖွဲ့တစ်ခုကလည်း တိုက်ခိုက်မှုဖြစ်ပွားသည်မှာမှန်ကန်ပြီး ၎င်းတို့သိသည့် အဖွဲ့တစ်ခုက တာဝန်ယူတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
ရန်ကုန်မြို့တွင်ယခုရက်ပိုင်းအတွင် စစ်ကောင်စီတပ်ပစ်မှတ်များကိုတိုက်ခိုက်မှုများ ပိုများလာသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း ကြည့်မြင်တိုင်မြို့ နယ်တရားရုံးအနီး ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက ကမ်းနားလမ်းတစ်လျောက် စစ်ဆေးမှုများ ရှိခဲ့သည်။
▪︎အမှားပြင်ဆင်ချက်- ကနဦးသတင်းဖော်ပြချက်တွင် မှော်ဘီလေတပ်စခန်းဟုမှားယွင်းဖော်ပြမိခဲ့ပါသည်။ မင်္ဂလာဒုံလေတပ်ပြုပြင်ရေးစခန်းဟုပြင်ဆင်သိမှတ်ပေးပါရန်။
