စစ်ကောင်စီဖမ်းဆီးသွားသည့် ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မိသားစုသည် (၁၀)ရက်ကြာသည်အထိ အဆက်အသွယ်ပြတ်တောက်နေသည်။
ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းနှင့် ဇနီး၊ အသက် (၅)နှစ်မှ (၁၃)နှစ်ကြား သားသမီးသုံး စုစုပေါင်း ငါးဦးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၅ရက် ညတွင် မုံရွာမြို့၌ ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ဦးကျော်ဆွေဝင်းနှင့်မိသားစုကို ယနေ့( အောက်တိုဘာ ၁၄ရက်) အထိ အဆက်အသွယ်မရသေးကြောင်း မုံရွာမြို့ခံတစ်ဦးက ပြောသည်။
“စိုးရိမ်စရာအခြေအနေကို ရောက်နေတယ်။ ကလေးတွေလည်း ပြန်မလွှတ်ဘူး။ အမျိုးသမီးလည်း ပြန်မလွှတ်ဘူး။ သူတို့(စစ်ကောင်စီ) လက်ထဲမှာ သတင်း အစအနပျောက်နေတယ်”ဟု ဦးကျော်ဆွေဝင်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။
ဦးကျော်ဝင်းဆွေသည် အသက် (၃၅)နှစ်ခန့်ရှိပြီး ရှမ်းနီတိုင်းရင်းသားတစ်ဦး ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီကိုယ်စားပြု၍ ဟုမ္မလင်းမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သည်။
စစ်ကောင်စီက ပုဒ်မ – ၅၀၅ ဖြင့် ဝရမ်းထုတ်ထား ၍ တိမ်းရှောင်နေစဥ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ သို့သော် ဦးကျော်ဝင်းဆွေနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းမထုတ်ပြန်သေးပေ။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ အောက်တိုဘာ ၁၃ ရက်အထိ စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ၁၂,၆၄၃ဦးအနက် ၁၅,၄၆ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယမန်နေ့(အောက်တိုဘာ ၁၃ရက်) ထုတ်ပြန်ထားသည်။
