တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက လမ်းသွားလမ်းလာပြည်သူများကို ပစ်ခတ်၍ ကျည်ထိမှန်ဒဏ်ရာရရှိသည့် ပြည်သူတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ထုတ်ပြန်သည်။
ယနေ့(အောက်တိုဘာ ၁၄ ရက်) နံနက် ၈ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီက လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို အဓိကပစ်မှတ်ထားပစ်ခတ်မှု စတင်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဆိုင်ကယ် မောင်းနှင်လာသော ခရီးသွားအမျိုးသား နှစ်ဦးကို စက်တော်ရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမိဒဏ် ရာ(စိုးရိမ်ရ) တစ်ဦးရရှိပြီး ကျန်တစ်ဦးမှာ လွတ်မြောက်ခဲ့သည်။

သို့သော် ဒဏ်ရာရရှိခဲ့သော ပြည်သူတစ်ဦးကို မဟာမိတ်အဖွဲ့များက ပူးပေါင်းကယ်ထုတ်ခဲ့ပြီး စစ်ကောင်စီတပ်သားများနှင့် ထိတွေ့ပစ်ခတ်မှုရှိခဲ့ကြောင်း အသိပေးသည်။
“စက်တော်ရာတောင်ကို စခတွေက မိုးဗြဲဒုတိယအကြိမ်ထိုးစစ်မှာ စပြီး တပ်စွဲခဲ့တာ။အခုဒီနေ့က စပြီး ပြည်သူတွေကို ပစ်မှတ်လုပ်ပစ်တာ မဟုတ်ဘူး။ဒီလ ၈ ရက်နေ့ကလည်း ပစ်ခတ်တာ ရှိခဲ့တယ်။အဲဒီတုန်းက ကားတစ်စီး မှောက်သွားတယ်။အဓိကတော့ကြောက်ပြီး ပစ်နေတာ”ဟု MBPDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။
ထိုသို့သော အခြေအနေများကြောင့် ပြည်သူများအနေဖြင့် မိုးဗြဲ-ပီကင်းကားလမ်းကို လုံးဝ(လုံးဝ) အသွားအလာ မပြုလုပ်ရန် MBPDFက အထူးသတိပေးသည်။
