စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေး မြေပြင် ပညာရေးသပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကျောင်းဆရာမ ဒေါ်သက်ဆုလှိုင်ကို ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ထပ်ချလိုက်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းထောင်ဒဏ် ထပ်ချတာလို့သိရပေမယ့် ရက်အတိအကျ မသိရသေးဘူးလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။
ဆရာမ ဒေါ်သက်ဆုလှိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း အကြမ်းဖက်ပုဒ်မ နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံထားရပါတယ်။ ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် ၈ နှစ်ကျခံထားရတယ်လို့သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၉ လကျော်အကြာ အောက်တိုဘာလ ကုန်ပိုင်းက ဆရာမ ဒေါ်သက်ဆုလှိုင်အပါအဝင်အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက အဖွဲ့ဝင်အချို့ကို မန္တလေးမြို့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
