စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ဒေသ၌ ကုန်းလမ်း၊ရေလမ်းသွား ပြည်သူများလိုက်နာရမည့်အချက်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်သတိပေးသည်။
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ဒေသအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များက အောက်တိုဘာ ၁၂ ရက်တွင် အမိန့်ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။
ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ဒေသအနီးတဝိုက်တွင် ကုန်းလမ်း၊ရေလမ်းဖြင့် သွားလာကြမည့် ပြည်သူများအနေဖြင့် ည ၈ နာရီ မှ နံနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြရန်၊ ရေလမ်းအသုံးပြုမည်ဆိုပါက ၅ဦးထက်ပို၍ ရေယာဥ်မစီးနင်းကြရန်နှင့် ကုန်တင်ယာဥ်များအနေဖြင့် အမိုးအကာများ လှပ်၍ မောင်းနှင်ကြရန် သတိပေးသည်။
အဆိုပါ ကြေညာချက်အား နောက်ထပ်အမိန့်တစ်စုံတရာ မထုတ်ပြန်မချင်းလိုက်နာပေးကြရန် မေတ္တာရပ်ခံထားသည်။
ထို့အပြင် ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ရေနံမှော်အနီးတွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေ၍ ပြည်သူများ ရေနံမှော်ဘက်သို့ သွားလာခြင်းမပြုကြရန် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။
အောက်တိုဘာ ၄ ရက်နက သဖန်းဆိပ်ဆည်ရှိ ဆင်စွယ်ရဲစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့သည်။ အောက်တိုဘာပထမပတ်အတွင်း၌ပင် ရဲကင်းကိုလည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သေးသည်။
