ဟင်္သာတမြို့တွင် ယမန်နေ့က “နန်းထိုက်အောင် စစ်ဆင်ရေး”အဖြစ် နေရာနှစ်ခုတွင် တိုက်ခိုက်ခဲ့ကြောင်း ဟင်္သာတမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(အောက်တိုဘာလ ၁၃ရက်)ညနေက ဟင်္သာတမြို့လယ် အာဇာနည်ပန်းခြံအနီးတွင် ရှိနေသော စစ်ကောင်စီအုပ်စုနှင့် အမှတ်(၂)ရဲစခန်းကို တပြိုင်နက်တိုက်ခိုက်ခံခြင်းဟု ဆိုသည်။
အဆိုပါ နေရာနှစ်ခုကို အဝေးထိန်မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဟင်္သာတမြို့နယ် ပြည်သူကာကွယ် ရေးအဖွဲ့က ထုတ်ပြန်သည်။
“ကား၊မော်တော်ဆိုင်ကယ်၊ စက်ဘီးများအား မတရားဖမ်းဆီး ငွေကြေးတောင်းယူနေသော အဖွဲ့အား အဝေးထိန်း ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲခဲ့ပါသည်။ တပြိုင်တည်းမှာပင် ဟင်္သာတမြို့နယ် အမှတ်(၂)ရဲစခန်းကိုလည်း ထိုနည်းတူ ဖောက်ခွဲခဲ့ပါသည်”ဟု ထုတ်ပြန်ထားသည်။
မြို့အပြင်ဘက်တွင်ရှိသော အမှတ် (၂)ရဲစခန်းတိုက်ခိုက်မှုတွင် ထိခိုက်မှုကို မသိရသေးသော်လည်း အာဇာနည်ပန်းခြံအနီးတိုက်ခိုက်မှုတွင် ရဲနှစ်ဦးဒဏ်ရာရကာ တစ်ဦးသေဆုံးသွားသည်ဟု မြို့ခံများကပြောသည်။
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းရေး အကြောင်းပြကာ မြို့ခံများထံမှ နေ့စဉ် မတရားငွေကောက်ခံနေသည့် စစ်ကောင်စီနှင့် ဌာနဆိုင်ရာဝန်ထမ်းအုပ်စုကို ဆိုင်ကယ်တွင် ဗုံးဆင်၍ တိုက် ခိုက်သွားခြင်းဟု မြို့ခံများက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ဟင်္သာတဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (HLPDF)နှင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့သည်ဟုလည်း အသိပေးထားသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီအဖွဲ့နှင့်အနီးကပ်မနေကြရန်လည်း ဟင်္သာတမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။
