စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်နားမော်ကျေးရွာအနီး၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှရဲဘော် ခြောက်ဦးကျဆုံးခဲ့ကြောင်း ဒေသတွင်း PDF ရဲဘော်တစ်ဦးက ပြောကြားသည်။
ယင်းသို့ကျဆုံးခဲ့သည့် ရဲဘော်များသည် စစ်ကိုင်းတိုင်းအထူးတပ်ဖွဲ့မှ PDF ရဲဘော်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကျဆုံးသွားသည့် ရဲဘော်များအနက် အမျိုးသမီး PDF ရဲဘော် မသက်သက်ဝင်းပါဝင်ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်သည်။
ကျဆုံးခဲ့သည့် မသက်သက်ဝင်းနှင့် ရဲဘော် ငါးဦးတို့အား ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အလေးနီပြုကြောင်း ထုတ်ပြန်သည်။
ဗန်းမောက်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသခံ PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၄ရက်မှ စ၍ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိသည်။
တိုက်ပွဲများ၌ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း Banmauk Revolution က အသိပေးထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ကလည်း သေဆုံးထိခိုက်များကြောင်း၊ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
