ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ မြ၀တီ-ဝေါ်လေလမ်းတွင် စစ်ကောင်စီတပ် က ထိုးစစ်ဆင်လာရာ စစ်ကောင်စီတပ်သား နှစ်ဦး မိုင်းထိ၍ ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ တပ်မ (၄၄)လက်အောက်ခံ နည်းဗျူဟာ (၄၄၁)၏ တိုက်ခိုက်ရေး တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇) တို့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း၊ တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂) တို့ လုံခြုံရေးယူထားသော လူခို့ဒေသသို့ ယနေ့ မနက်တွင် ကျူးကျော်လာသည်ဟု ဖော်ပြသည်။
ထိုသို့ကျူးကျော်လာသည့် စစ်ကောင်စီတပ်များအနက် ခလရ (၂၀၇)တပ်ရင်းမှ စစ်ကောင်စီ တပ်သား နှစ်ဦး မိုင်းထိမှန်ကာ ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

ယနေ့ တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း အသိပေးထားသည်။
အဆိုပါ မြ၀တီ – ဝေါ်လေလမ်းတွင် စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။ ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စနိုက်ပါဖြင့် တိုက်ခိုက်ခြင်း၊ ချေမှုန်းရေးတပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များပြားခဲ့သည်။
